ရဲဖမ်းမည်စိုး၍ မြစ်ထဲခုန်ချသော မြန်မာအလုပ်သမားတဦး ပျောက်ဆုံး

ခွန်အောင်မြတ်။                                                                                                         ဇူလိုင်လ ၁၁ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းမြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် ဘန်ကောက်မှ အထူးရဲနှင့် လူဝင်မှုကြီးကြပ်ရေး ပူးပေါင်းပြီး စက်ရုံများ အတွင်းသို့ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာ အလုပ်သမားတစ်ရာကျော်ဖမ်းဆီးခဲ့ပြီး အလုပ်သမားတဦး သောင်း ရင်း မြစ်ထဲသို့ ခုန်ဆင်းထွက်ပြေးရာ ပျောက်ဆုံးလျက်ရှိသည်။

ယနေ့နံနက် ငါးနာရီခန့်တွင် ထိုင်းဖက်ရှိ သောင်ရင်းမြစ် ကမ်းနဖူးမှ စက်ရုံခြောက်ရုံကို ၀င်ရောက်စစ်ဆေး ဖမ်း ဆီးခြင်းဖြစ်ပြီး အမိုးနီဟု လူသိများသော သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမား သုံးယောက် သောင်းရင်းမြစ်ထဲသို့ ခုန်ချပြီး မြ၀တီဖက်ကမ်းသို့ ထွက်ပြေးရာ မြစ်ထဲတွင် အလုပ်သမားတဦး ပျောက်ဆုံးသွားခဲ့သည်ဟု မျက်မြင် သက်သေ မြန်မာအလုပ်သမား ကိုရဲက ပြောသည်။

“လိုက်ရင်းပြေးရင်းကနေပြီးတော့ ခုန်ချတာကတော့ သုံးယောက်ခုန်ချတယ်။ တစ်ယောက်က လွတ် သွားတယ်၊ တစ်ယောက်က ပြန်မိတယ်၊ တစ်ယောက်က ခုချိန်ထိ ရှာမတွေ့သေးဘူးဗျ။ ပျောက်နေတဲ့ ကောင်လေး နာမည်တော့ မသိဘူးဗျ။ ကျန်တဲ့ဟာကတော့ မောင်နိုင်ရယ်၊ ကိုလင်းရယ်။ လွတ်သွား တာက ကိုလင်းဗျ။”

သောင်းရင်းမြစ်ထဲတွင် ပျောက်ဆုံးသွားသော မြန်မာအလုပ်သမားကို ထိုင်းအာဏာပိုင်က စက်လှေများဖြင့် ရှာဖွေ သော်လည်း ယနေ့ နေ့လည်ပိုင်းအထိ မတွေ့ရှိသေးချေ။

မဲဆောက်မြို့ သောင်ရင်းကမ်းနဖူးရှိ စက်ရုံခြောက်ရုံမှ အလုပ်သမား ၅၀ ကျော် ဖမ်းဆီးရမိပြီး၊ မဲဆောက်မြို့ လယ်ရှိ စက်ရုံနှစ်ရုံမှ အလုပ်သမား ၅၀ ကျော် စုစုပေါင်း တရာကျော် ထိုင်းရဲက ယနေ့ ဖမ်းဆီးရမိသည်။

ဖမ်းဆီးခံရသူများထဲတွင် မြ၀တီဖက်ခြမ်းကျောင်းတွင် တက်ရောက်သည့် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ကျောင်းသား ၅ ဦးလည်း ပါဝင်သည်ဟု အလုပ်သမား ကိုရဲက ပြောသည်။

ကမ်းနဖူးမှ စတီးလ်နှင့် သိုးမွေးစက်ရုံ ၆ ခုတွင် မြန်မာ အလုပ်သမား ၄၀၀၀ ကျော် ရှိပြီး ယနေ့နံနက် လင်း အားကြီးအချိန်တွင် ဘန်ကောက်မှ ရောက်ရှိလာသည့် ထိုင်းရဲများက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။