၆၆ နှစ်မြောက် ဦးခွန်ထွန်းဦးမွေးနေ့ကို ရှမ်းလူငယ်များကျင်းပ

နွယ်လေး။
စက်တင်ဘာလ ၁၁ ရက် ၊၂၀၀၉ ခုနှစ်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၆၆ နှစ်ပြည့် မွေးနေ့ဆုတောင်း ပွဲကို ထိုင်းနိုင်ငံ ရှမ်းလူငယ်အဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဦးခွန်ထွန်းဦး မွေးနေ့ဆုတောင်းပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ၀တ်ထကရဒတ် ဘုန်းကြီးကျောင်းတွင် ရှမ်းလူငယ် အဖွဲ့အစည်း Shan Youth Committee (SYC) မှ ယနေ့ နံနက်တွင်ပြုလုပ်သည်။

မွေးနေ့ ဆုတောင်းပွဲသို့ တက်ရောက်သည့် (SYC) မှ နန်းယိင်းစံက “ဒီနေ့ဟာ ကျမတို့ ခေါင်းဆောင်ရဲ့မွေး နေ့ တစ်ရက်ဖြစ်တယ်ဆိုတာကျမတို့ အားလုံးကသိနေတယ်ဆိုတော့ အားလုံးကိုဖိတ်ခေါ်ပြီး ဆုတောင်း ပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်။ သူကို ကျန်းမာရေးကောင်းမွန်စေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်စေဖို့အတွက် ဆုတောင်းကြပါတယ်။” ဟုပြောသည်။

ပူတာအိုထောင်တွင်း ထိန်းသိမ်းခံနေရသည့် ဦးခွန်ထွန်းဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အခမ်း အနားတွင် ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ ဦးခွန်စိုင်းက ယခုလို ရှင်းပြသည်။

“လောလောဆယ် ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး မိုးတွင်းမှာ တော်တော်ပြဿနာ ပေါ်တယ်။ မိုးမကျ ခင်တုန်းကတော့ အပြင်မှာ လမ်းလျှောက်နိုင်တာပေါ့။ ခုက လေ့ကျင့်ခန်း တွေ ဘာတွေ မရှိပဲ ထောင် ခန်းထဲမှာ နေရတယ်။သူ့အာရုံကြောတက်တဲ့ရောဂါတွေ နားတဘက်ကလဲ မကြားသလိုဖြစ်နေတယ်။ ဆေး တာ့စားတယ် ဘယ်လောက်ထိရောက်မယ် မသိဘူး။”

မွေးနေ့ဆုတောင်းပွဲတွင် ရှမ်းကော်မတီ အဖွဲ့စည်းများမှ သံဃာတော်များကို ဆွမ်းကပ် တရားနာပြီး ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းကျခံနေရသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် များကို ရည်စူးပြီး ဆုတောင်းပေးခဲ့သည်။

ဆုတောင်းပွဲ အခမ်းအနားသို့ ရှမ်းအဖွဲ့စည်းနှင့် သတင်းမီဒီယာသမားအပါအ၀င် လူ ၅၀ ကျော် တက်ရောက် သည်။ ရှမ်းလူငယ်များသည် ခွန်ထွန်းဦးမွေးနေ့ ဆုတောင်းပွဲကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စပြီး  နှစ်စဉ်မပြတ် ပြုလုပ်ခဲ့သည်။

ယနေ့ ၆၆ နှစ်မြောက် ခွန်ထွန်းဦးမွေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်ဒေသအချို့ နှင့် ရန်ကုန်မြို့တွင် လည်း ကျင်းပသည်ဟု သိရသည်။

ဦးခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာတွင် မြန်မာစစ်အစိုးရက နိုင်ငံတော် ပုန်ကန်မ စွပ်စွဲချက်များနင့် ပူတာ အို ထောင်တွင် ထောင်ဒဏ် ၉၃ နှစ် အကျဉ်းကျခံနေရ သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ သဘာပတိ အဖွဲ့ဝင်ဖြစ်သည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းနွတ် ခေါ် ဦးစိုင်းညွန့်လွင်အား ထောင် ၈၅ နှစ်၊ အပစ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) မှ ဗိုလ်ချူပ်ဆေထင်အား ထောင် ၁၀၆ နှစ် နှင့် အခြား ရှမ်းပြည်နယ်မှ နိုင်ငံရေးခေါင်ဆောင်များအား ၇၅ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။