|
မြန်မာစစ်တပ် အင်အားတိုးချဲ့ ကေအဲန်ယူနှင့် တိုက်ပွဲနေ့စဉ်ဖြစ်ပွား
ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။
ခြောက်သွေ့ရာသီရောက်လာသည့် အတွက် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)
အခြေစိုက်ရာ နယ် မြေများအတွင်း မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့
ပူးပေါင်းပြီး တပ်အင်အားတိုးချဲ့မှုကြောင့် နေ့ စဉ်တိုက်ပွဲဖြစ်နေသည်ဟု
ကေအဲန်ယူက ပြောသည်။
မြန်မာစစ်အစိုးရတပ်အင်အား တိုးချဲ့လာခဲ့သဖြင့် ယခုလဆန်းပိုင်းတွင်
တိုက်ပွဲပေါင်း ၂၀ကျော် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ပဒို
စောလှငွေက ပြောသည်။
"တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်၊ ဒီလမှာ ၂၅ ပွဲလောက်တော့ ရှိမယ်ထင်တယ်။
တိုက်ပွဲကြီးတွေ ပြန် နုတ်မယ်ဆိုလို့ရှိရင် အထိအခိုက်များတယ်ဆိုလို့ရှိရင်
တိုက်ပွဲကြီးက ခြောက်ပွဲ လောက်တော့ရှိမယ်။ အဲဒီဟာတွေက ဒီဇင်ဘာအတွင်းမှာ
ဖြစ်တာပဲလေ။ ခြောက်သွေ့ ရာသီလည်းရောက်လာပြီဆိုတော့ သူတို့လည်းပဲ ရိက္ခာပို့၊
ကားလမ်းလုံခြုံရေးယူ၊ ကားလမ်း လုံခြုံရေး ယူနိုင်ဖို့အတွက် အဲဒီ အနီးနား
မှာရှိတဲ့ ကျနော်တို့ တပ်တွေနဲ့ လူထုတွေရှိမယ့် နေရာကို လိုက်ရှင်းဆိုတဲ့
အခါကျတော့ တိုက်ပွဲပိုများ လာတယ်။"
မြန်မာစစ်အစိုးရတပ်များသည် ကေအဲန်ယူ လှုပ်ရှားရာ ဒေသများတွင် ထပ်မံအင်အား
တိုးချဲ့ထား သည်ဟု ပဒို စောလှငွေက ပြောသည်။
"ဒီလေးရက်နေ့ကနေ ဒီဇင်ဘာလ(၆)ရက်နေ့မှာ တပ်မ (၇၇) ကနေပြီးတော့မှ ကားအစီး ၁၃၀ နဲ့
မုန်းမြို့ကို တက်လာတယ်။ မုန်းမြို့ကနေပြီးတော့ ကျောက်ကြီးကို တက်လာတယ်။
နောက်တခုက စကခ (၅) ဗိုလ်မှူးချုပ် ကောင်းမြတ် ခေါင်းဆောင်တဲ့အဖွဲ့ကလည်း
ကြာအင်းဆိပ်ကြီးကို ကားအစီး ၃၀ နဲ့ ရောက်လာတယ်။ အဲဒီ တပ်မဟာ (၂) ဖက်မှာပဲပေါ့။
အဲဒါကတော့ တပ်မဟာ(၃)နဲ့ တပ်မဟာ (၂)ဘက်မှာ စပြီးတော့ အနီးကပ်ဆုံး သူတို့
အခြေခံစခန်းကို ဦးတည်ပြီးတော့ ဦးတည်လာတဲ့ သဘောတော့ရှိတယ်။ စစ်မြေပြင်တော့
မရောက်သေးဘူး။ "
ဒီဇင်ဘာ ၆
ရက်နေ့မနက်တွင် DKBA ဗိုလ်ကျော်သက်တပ်နှင့် မြန်မာစစ်အစိုးရတပ် ခမရ ၅၄၈
ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ
စစ်အစိုးရတပ်သား ၃ ဦးသေပြီး ၆ ဦး ဒဏ်ရာရရှိသည်ဟု ၎င်းက ပြောသည်။
ယခုလ ၄ ရက်ညနေတွင်
စစ်အစိုးရတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦးနှင့် တပ်သား ခလယားပေါ် တို့သည် MA-1
တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁
လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။
ဒီဇင်ဘာ ၂ ရက်နေ့တွင်
ကေအဲန်ယူ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈သည် ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ
DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁ဦး တပ်သား ၁ ဦး သေဆုံးပြီး
ကြားဖြတ် ဖမ်းစက် ၁လုံး၊ ဆက်သွယ်ရေးစက်ကြီး ၁လုံး၊ လမ်းလျှောက်စကားပြောစက်
၁လုံး၊ တယ်လီဖုံးအထိုင်စက်ကြီး ၁လုံးနှင့် မိုဘိုင်းဖုံး ၁လုံး တို့ကို
သိမ်းပိုက်ရမိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
|