စစ်အစိုးရက ရလလဖအား
လက်နက်ချရန် ဖိအားပေးနေ
အောင်မိုးမြင့်။
ဇန္န၀ါရီလ ၁၂ ရက်၊ ၂၀၀၈ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်း
ဆီဆိုင်မြို့နယ် နောင်ထော်တွင် အခြေစိုက်သော ရှမ်းပြည်လူမျိုးပေါင်းစုံ
လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) အား ယခုလ ၂၁ ရက်နေ့တွင် လက်နက်ချရန်
မြန်မာစစ်အစိုးရမှ ဖိအားပေးနေသည်ဟု သိရ သည်။
ဇန္န၀ါရီလ ၁ ရက်နေ့က
မြန်မာစစ်အစိုးရ၏ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ
(G1)
တာဝန်ယူထားသည့်
ဒုဗိုလ်မှူးကြီး မြ၀င်း က ဆီဆိုင်မြို့ကိုရောက်ရှိလာပြီး ရလလဖမှ
အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖိအားပေး ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
ယင်းသတင်းကို ရလလဖမှ ခွဲထွက်၍
စစ်အစိုးရအားလက်နက်ကိုင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့
အထွေထွေအတွင်းရေးမှုး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလို အတည်ပြုပြောသည်။
ဒီလ တစ်ရက်နေ့မှာတုန်းက
စရဖ
(G1)
ဒုဗိုလ်မှူးကြီး
မြ၀င်းကနေပြီးတော့မှ ဆီဆိုင်မြို့ကို လာပြီး တော့မှ ရလလဖမှာ ရှိတဲ့
အဖွဲ့ခေါင်းဆောင်တွေနဲ့ လာတွေ့သွားတယ်လို့ သိရတယ်။ လာတွေ့တော့ ဒီ ၂၁ ရက်နေ့မှာ
နောက်ဆုံးထားပြီးတော့မှ လက်နက်အပ်ရမည်လို့ အဲ့လိုမျိုး လာပြီးတော့မှ
Warning
(သတိ)ပေးသွားတယ်။ အဲ့တော့ အကယ်လို့ လက်နက်အပ်မယ်ဆိုရင် ခင်ဗျားတို့အနေနဲ့
ခင်ဗျားသီးခြားအပ်မလား၊ ဦးချစ်မောင်နဲ့ ခင်ဗျားပူးပေါင်းပြီးတော့မှ
အပ်ရမလားဆိုပြီးတော့မှ အဲ့ဒီလိုမျိုး ကျနော်တို့ကြားရတယ်။
ဒုဗိုလ်မှူးကြီး မြ၀င်း
လာရောက်ပြောဆိုချိန်တွင် ရလလဖ ခေါင်းဆောင်များဖြစ်ကြသည့် ဦးတာကလယ်၊ ဦးစော
ဖာမူ၊ ဦးစိုးအောင်လွင် စသည့်ခေါင်းဆောင်များ ကျန်းမာရေးမကောင်းသဖြင့်
သွားရောက်တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပဲ ရလလဖ၏ ကိုယ်စားလှယ် ဦးစိန်ရွှေ တဦးတည်း
သွားရောက်တွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉
ရက်နေ့က ဖမ်းဆီးခဲ့သည့် ရလလဖမှ ဗိုလ်မှူးရဲနိုင် ကိုလည်း မူးယစ်ဆေးဝါးအမှုနှင့်
ထောင်ဒဏ် အနှစ်နှစ်ဆယ်ချမှတ်လိုက်ပြီး နောက်နောင် ရဲနိုင်လိုမျိုး
ဖြစ်တာမတွေ့ချင်ဘူးဟု ပြောဆိုသွားခဲ့ သည်ဟု ဆိုသည်။
မြန်မာစစ်တပ်နှင့်
မူးယစ်အဖွဲ့က ပြီးခဲသည့်နှစ် နိုဝင်ဘာလတွင် ဆီဆိုင်မြို့နယ်အတွင်း ဘိန်းသုံးတန်
ဖမ်းဆီးရမိ သည့် သတင်းကို ဖုံးကွယ်လို၍
အစားထိုးဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုသိရကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်မှ
ပြောသည်။
ကျနော်တို့ သိရသလောက်က
ရဲနိုင်တို့နဲ့ ပတ်သက်ပြီးတော့မှ မူးယစ်ဆေးဝါး ဖမ်းမိတယ်ဆိုတာက တော့ ကျနော်တို့
သိရသလောက်က မဟုတ်ဘူးလို့ ကျနော်တို့ သိရတယ်ပေါ့။ လက်ပူးလက်ကြပ် မိတာမဟုတ်ဘဲနဲ့
ဟို့အရင် ကျနော်တို့ ကြားသိရတဲ့ ဘန့်ရင်ဆက်တော်အရှေ့ဖက်မှာမိတဲ့ မူးယစ်
ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ လှည့်ကွက်အနေနဲ့ လူစားထိုးပြီးတော့မှ
ထောင်ချလိုက်တယ်။ အဲ့ လိုမျိုး ဖော်ပြလိုက်တယ်။ ဟိုးတစ်ခေါက်တုန်းက ဘယ်သူ့ဟာ
ဖမ်းမိတယ်။ ဘယ်ဝါဟာဖမ်းမိတယ် ဆိုတာ နအဖကနေပြီးတော့မှ
သတင်းထုတ်ပြန်ခြင်းမရှိဘူး။ အဲ့လိုမျိုးအတော်ကြာတဲ့အချိန်ကျမှ အဲ့ဒီ
ရဲနိုင်တို့ အဖွဲ့ကိုဖမ်းပြီးတော့မှ အခုဒီလိုမျိုး တရားစွဲ
ထောင်ချတယ်ဆိုတာကတော့ အရင်ပြစ်မှု ဟောင်းတွေကို ဖာထေးတယ်။ ပိုင်ရှင်မပေါ်တဲ့
အဲ့ဒီဟာကို ပြောမယ်ဆိုရင်တော့ အစားထိုးပြီးတော့မှ ထောင်ချတယ် လို့ ကျနော်တို့
ဒီလိုပဲ ကြားသိရတယ်ခင်ဗျ။
ရလလဖအဖွဲ့သည် ၁၉၉၄ ခုနှစ်
အောက်တိုဘာလတွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ တစ်ဖွဲ့
ဖြစ်သည်။
လွန်ခဲ့သောနှစ်လယ်ပိုင်းက
ရလလဖအဖွဲ့၏ ဒုဥက္ကဌ ခွန်ထိဆောင်နှင့် အတွင်းရေးမှုး ခွန်သူရိန်တို့ ခေါင်းဆောင်
သောအဖွဲ့သည် တောပြန်ခို၍ မြန်မာစစ်အစိုးကို
ပြန်လည်လက်နက်ကိုင်တော်လှန်ခဲ့ပြီးနောက် ဥက္ကဌဖြစ်သူ ခွန်ချစ်မောင်မှာ
ဖိအားပေးခံရပြီး လက်နက်ချသွားခဲ့သည်။ လက်နက်မချဘဲ ကျန်ရှိနေသော ရလလဖ အဖွဲ့ဝင်
များကို နောင်ထော်ဌာနချုပ်တွင် နာယကကြီးတာကလယ်က ဦးဆောင်၍ အပစ်ရပ် ရလလဖအဖွဲ့
အဖြစ်ဆက် လက် ရပ်တည်ခဲ့သည်။