|
ထိုင်းနိုင်ငံမြောက်ပိုင်း တရားမ၀င်အလုပ်သမားကို ဖမ်းဆီးမှုတိုး
နွယ်လေး။
ဖေဖေါ်ဝါရီလ ၁၂ ရက်၊၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ တက္ကသိုလ်ကျောင်းသူ တစ်ဦးကို
မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦး အဓမ္မပြုကျင့်ပြီးနောက် ချင်းမိုင်ရှိ
မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေထိုင်သည့် ဆောက်လုပ်ရေး တန်းလျား များသို့
ထိုင်းတာဝန်ရှိများက ၀င်ရောက်စစ်ဆေး ကာ ဖမ်းဆီးမှုများ အရှိန်တိုး
ပြုလုပ်နေသည်။
ယမန်နေ့ နံနက်တွင်
ချင်းမိုင်တွင်းရှိ ကန်ဂနုတ် ( ၂ ) အိမ်ရာရှိ မြန်မာပြည်မှ အလုပ်သမား
များနေထိုင်ရာ ဆောက်လုပ်ရေး တန်းလျားသို့ ၀င်ရောက်စစ်ဆေးပြီး အလုပ်သမားလက်မှတ်
မရှိသူ လူ (၂၀)ကျော် ဖမ်းဆီး သွားသည်။
ကန်ဂနုတ်(၁) အိမ်ရာ
ဆောက်လုပ်ရေးအတွင်း နေထိုင်သည့် အလုပ်သမားစာရင်းများကို ထိုင်းအာဏာပိုင်များ
ဝင်ရောက်စစ်ဆေးသည်ဟု ကန်ဂနုတ် (၁)တွင် နေသူအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။
"အလုပ်သမားကဒ်မရှိတဲ့သူတွေ တစ်ယောက်မှ အလုပ်ရှင်ကအလုပ်မဆင်းခိုင်းဘူး။
ကဒ်ရှိတဲ့ သူတော့ လုပ်လို့ရတယ်။ အလုပ်သမားလက်မှတ်မရှိတဲ့ လူ (၁၀၀)
ကျော်အလုပ်နားနေရတယ်။ သူတို့ ဒီရက် တွင်း ဆက်တိုက်ဝင်မယ်ပြောလို့ အလုပ်တော့
ဆက်တိုက်နားနေရမယ်" ဟု ၎င်းက ဆက်ပြောသည်။
ချင်းမိုင်တွင်
ကနုတ်ဗျူး အမည်ရှိ မြန်မာဆောက်လုပ်ရေး သမားများ နေထိုင်သည့် တန်းလျားသို့
ပြီးခဲ့သည့် အင်္ဂါနေ့ နေ့လည် (၁၁)နာရီတွင် ထိုင်းတာဝန်ရှိများ ၀င်ရောက်ပြီး
တရားမ၀င် အလုပ်သမား (၃၈) ယောက်ကို ဖမ်းဆီးသွားသည်ဟု အဖမ်းမခံရသူ အလုပ်သမား
တစ်ဦးက ယခုလို ပြောသည်။
"၃၈
ယောက်ဖမ်းသွားတယ်။ အလုပ်သမားကဒ်မရှိတဲ့ သူတွေ။ ဒီတန်းလျားမှာနေတဲ့ သူကကဒ်
မရှိတဲ့သူ များတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးတွေ ၀င်စစ်နေချိန်က
ထိုင်းလူမျိုးဖြစ်တဲ့ ကားသမားက ကျနော်တို့ကို အလုပ်ကနေပြန်ပို့တဲ့ချိန်။ အဲဒါ
သူက နင်တို့ကဒ်မရှိရင် ပြေးကြ သူတို့ပစ်လဲမရပ်နဲ့ လွတ်အောင် မပြေးရင်
သူတို့ဖမ်းလိမ့်မယ်ဆိုပြီးပြောလို့ သူ့ကားနဲ့ လိုက်ပြေးတာ ကျနော်တို့ လူ၄၀
လောက်တော့ လွတ်လာတယ်။"
ကနုတ်ဗျူးတွင်
ဖမ်းဆီးစဉ် ထွက်ပြေးသူများကို သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ပြီး အဖမ်းခံရ သည့်
အလုပ်သမား တစ်ဦးကို ခြေနှင့်ကန်ကျောက်ကာ သွေးထွက်သံယိုဖြစ်သည့်အထိ ပြုလုပ်ပြီး
ဖမ်းဆီးသွားသည်ဟုလည်း မျက်မြင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်
တနင်္ဂနွေနေ့မှ စတင်ပြီး မြန်မာဆောက်လုပ်ရေးအလုပ်သမားများ နေထိုင်သည့် ဆရဖီး
တန်းလျားမှ အလုပ်သမား တစ်ရာကျော်ဖမ်းဆီးခံခဲ့ရပြီး ချင်းမိုင်မြို့
နေရာအနှံ့တွင်လည်း ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။
ထိုင်းရဲအရာရှိကြီး
တစ်ဦးက "ဒီရွှေ့ပြောင်းအလုပ်သမားက ကျောင်းသူကို သတ်တဲ့ အမှု၊ ရွှေ့ပြောင်း
အလုပ်သမားတွေ အလုပ်လာလုပ်ပြီး ခုလိုဖြစ်သွားတာအပြင် အခုချိန်က သိမ်းကျုံး
သန့်ရှင်းပြီး ဖမ်းနေကျ အချိန်လဲဖြစ်တယ်။ ဖမ်းရက်ကိုခါတိုင်းနှစ်တွေမှာ ၁၀ရက်
သတ်မှတ်ပြီး အဲသတ်မှတ်ရက် ပြီးရင်လဲ အဖမ်းအဆီးကို ရပ်လိုက်ပြီ။ ခုလဲ
ဒီလကုန်ထိဖြစ်ဖို့ များတယ်။ နေရာအနှံလည်း ခုရှောင် တခင် စစ်ဆေးတာများလွန်းတာလဲ
ဆိုင်ကယ်တွေ ကားတွေ ပျောက်လွန်းတာလဲပါတယ်။ တိုက်ဆိုင် တာက ခုဒီကျောင်းသူကို
သတ်တဲ့ ကိစ္စကြောင့် ခုလိုဖမ်းဆီးလွန်းတာမျိုး ဖြစ်နေတာ " ဟုပြောသည်။
ချင်းမိုင်အခြေစိုက်
ရွေ့ပြောင်းအလုပ်သမား အကူအညီပေး ရေးအဖွဲ့ မက်ပ်ဖောင်ဒေးရှင်း၏ စာရင်းအရ
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရှမ်းလူမျိုးအများစု အပါအ၀င် မြန်မာနိုင်ငံ
ရွှေ့ပြောင်း အလုပ်သမား ၂ သိန်းခန့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်သမား
၃ သောင်း ကျော်သာ ရှိသည်ဟု သိရသည်။
|