|
ကေအိုင်အိုနှင့် နအဖ
ထပ်မံတွေ့ဆုံ
သတင်နှင့်မီဒီယာ ကွန်ယက်။
မတ်လလ ၁၂ ရက်၊ ၂၀၁၀ ခုနှစ်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့
(ကေအိုင်အို)ကိုယ်စားလှယ်နှင့် မြန်မာစစ်အစိုးရတို့ အကြား နယ်ခြားစောင့်တပ်
အသွင်ပြောင်းရေး အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ ထပ်မံတွေ့ဆုံ
ဆွေးနွေးခဲ့သည်။
ကေအိုင်အိုအဖွဲ့မှ ဒုဥက္ကဌ
ဗိုလ်ချုပ် ဂေါ်ဇော်ဆိုင်းပါဝင်သည့် (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့က ကေ
အိုင်အို ဌာနချုပ် လိုင်ဇာက ထွက်ခွာသွားပြီး ယနေ့ တွေ့ဆုံနေသည်ဟု
အမည်မဖေါ်လိုသည့် ကေအိုင်အို အရာ ရှိတဦးက ပြောသည်။
“ကေအိုင်အို ကိုယ်စားလှယ်(၈)ယောက်
မြစ်ကြီးနားကို မနေ့ကထွက်သွားလိုက်ပြီ။ ဒီနေ့ အစည်း ဝေးလုပ်တယ်။ နအဖနဲ့
နောက်ဆုံးဆွေးနွေးမယ့် အစည်းဝေးပေါ့။ နယ်ခြားစောင့်တပ် လက်ခံမလား၊ လက်မခံဘူးလား
အစည်းဝေးပေါ့။ မနက်ဖန် တဘက်ခါ သူတို့ ပြန်လာမှဘဲ အသေးစိတ် သိရမယ်။”
ဟု ကေအိုင်အို အရာရှိက ပြောသည်။
နယ်ခြားစောင့်တပ်
အသွင်ပြောင်းရေးအတွက် အဖြေပေးရန် ကေအိုင်အို ဗဟိုကော်မတီအစည်း တခုကို
ယခုလ(၂)ရက် နေ့မှ (၅)ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဗဟိုဌာနချုပ်
လိုင်ဇာတွင် ပြုလုပ်ခဲ့ပြီး နောက် ယခုလို မြစ်ကြီးနားသို့သွားရောက်ကာ
စစ်အစိုးရနှင့် တွေ့ဆုံနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ကေအိုင်အို
ဗဟိုကော်မတီအစည်းဝေးတွင် နယ်ခြားစောင့်တပ်လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက် ချ
ထားသည်ဟု လိုင်ဇာ သတင်း ရပ်ကွက်က ပြောသည်။
ကေအိုင်အိုနှင့် နအဖအကြား
နယ်ခြားစောင့်အသွင်ပြောင်းရေးအတွက် ဆွေးနွေးနေခဲ့သည်မှာ ပြီးခဲ့သည့်နှစ် ဧပြီ
လမှစ၍ ယခု(၁၂)ကြိမ်မြောက်ရှိပြီဖြစ်ပြီး တစုံတရာပြေလည်ခြင်း မရှိသေးပါ။
ကေအိုင်အိုအဖွဲ့က
နယ်ခြားစောင့်တပ်အစား ကချင်ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် အသွင်ပြောင်း ရန်နှင့် ကေ
အိုင်အိုအဖွဲ့အတွင်းမှ အခြားသော ဌာနဆိုင်ရာအဖွဲ့များကိုလည်း
ထည့်သွင်းစဉ်းစားပေးရန် တောင်းဆိုထားခဲ့ သည်။
စစ်အစိုးရဘက်က
လက်မခံသည့်အတွက် ပင်လုံစာချုပ်ပါ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို
နအဖဘက်က လက်ခံလျင် လက်နက်စွန့်မည်ဟု
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာရေးတင်ပြခဲ့သည်။ သို့သော်လည်း နအဖ ဘက် က နယ်ခြား
စောင့်တပ်အသွင်ပြောင်းရေးလုပ်ရန် ဖေဖေါ်ဝါရီ(၂၈)ရက်နေ့ နောက်ဆုံးရက်
သတ်မှတ်ပေးခဲ့သဖြင့် ကေအိုင်အိုက ဗဟိုကော်မတီအစည်းဝေးလုပ်ပြီးမှသာ
အကြောင်းပြန်ပြီးနောက် ယခုလို နအဖနှင့် တွေ့ဆုံလိုက် ခြင်း ဖြစ်သည်။
|