ဆန္ဒပြ သံဃာတော်နှစ်ပါး ထိန်းသိမ်းခံရ

ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

မကွေးတိုင်း ပခုက္ကူမြို့တွင် မေတ္တာပို့ ဆုတောင်းလှည့်လည်ခဲ့သော သံဃာတော်များကို အကြမ်းဖက်ဖြိုခွဲခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက်က ဆန္ဒပြခဲ့သော မြန်မာ သံဃာတော်နှစ်ပါးကို  ထိုင်းအာဏာပိုင်က ဖမ်းဆီးလိုက်သည်။

ဦးသုဝရနှင့် ဦးဝါရိန္ဒတို့သည် ယနေ့နံနက် ၁၀နာရီခွဲခန့် မြန်မာသံရုံးရှေ့တွင် မြန်မာပြည်မှ ဖမ်းဆီးခံသံဃာ တော်များနှင့် ပြန်လွှတ်ရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ဒီမိုကရေစီရရှိရေးတို့ကို ကြွေးကြော်ဆန္ဒပြခဲ့ ကြသည်။

ယခုလို ဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်ကို  ဦးသုဝရက ယခုလို မိန့်ကြားသည်။

“မြန်မာနိုင်ငံမှာ ပခုက္ကူမှာ သံဃာတော်တွေကို သတ်ပစ်တာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရဟန်းသံဃာ တွေကို သတ်ပစ်တာနဲ့ အတူတူပဲ။ အဲတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေကနေပြီးတော့ မိမိတို့ ဒကာဒကာမတွေအကျိုးတိုင်းပြည်ရဲ့အကျိုးကို ၀င်ပြီးတော့ ထမ်းဆောင်မယ်ဆိုပြီးတော့ ဆုံး ဖြတ်တယ်။”

မြန်မာသံဃာတော်နှစ်ပါး မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသော မြန်မာသံဃာနှစ်ပါး ကိုင်ဆောင်ထားသည့် လက်ကိုင် ပိုစတာများကို ထိုင်းရဲများက သိမ်းဆည်းခဲ့ပြီး ၁၅မိနစ်ခန့်အကြာတွင် ထိုင်းရဲများက ထိန်းသိမ်း လိုက်သည်။

သံဃာတော်နှစ်ပါးကို ထိုင်းရဲများက မြန်မာသံဃာတော်များကို စစ်ဆေးမေးမြန်း၍  လူဝတ်လဲခိုင်းခဲ့သည်။

ထိုင်းဘုန်းတော်ကြီးကျောင်းများသို့ ခေါ်ယူသွားပြီး ထိုင်းအာဏာပိုင်များက လူဝတ်လဲရန် ပြင်ဆင်နေသည်ဟု  ဦးသုဝရက ဆက်လက် မိန့်ကြားသည်။

“အခြေအနေက အခု ဦးဇင်းတို့ကို သင်္ကန်းချွတ်ဖို့ အစီအစဉ်ရှိတယ်။ အခုကနေပြီးတော့ ဦးဇင်းတို့ ကို ကားတစီး ကနေပြီးတော့ ခေါ်ပြီးတော့ ဘုန်းကြီးကျောင်းကို သွားနေတယ် ဒကာကြီး။ သင်္ကန်း ချွတ်ဖို့ ဆိုပြီးတော့လေ။ ဦးဇင်းတို့ ဘယ်နေရာလဲဆိုတာ မသိဘူး။ သူတို့ကတော့ မြန်မာပြည်ကို ပြန်ပို့မယ်လို့ ပြောတာပဲ။ ဦးဇင်းတို့ကတော့ ပြောတာပေါ့ ဒကာကြီးတို့ကနေပြီးတော့ ဦးဇင်းတို့ကို ကြိုက်သလိုလုပ် လို့။ ဦးဇင်းတို့ကနေပြီး ဘုန်းကြီး အတုမဟုတ်ပါဘူးလို့၊ ဘုန်းကြီးအစစ်လို့။”

နယ်စပ်သို့ပြန်ပို့ဆောင်ရန် လူဝတ်လဲခြင်းကို မြန်မာသံဃာများက လက်မခံခဲ့ပေ။

ယခုနောက်ဆုံး ဆက်သွယ်ရရှိသည့် အချိန်အထိ ဆန္ဒပြ ရဟန်းတော်နှစ်ပါးသည် သင်္ကန်းချွတ် လူဝတ်လဲ ခံရ ခြင်း မရှိသေးဘဲ ဘန်ကောက်မြို့ရှိ ရဲစခန်းတခုတွင် ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

မြန်မာပြည်တွင်း ကုန်ဈေးနှုန်းကျဆင်းရေးကို ထောက်ခံသည့်အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် သြဂုတ်လ ၂၆ရက်နေ့မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၃ကြိမ်တိတိ ဆန္ဒပြခဲ့ကြသည်။ ယင်းဆန္ဒပြပွဲတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးနှောက်ယှက်ခြင်း မရှိခဲ့ပေ။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။