ကရင်ငြိမ်းချမ်းရေးကောင်စီမှ အရာရှိတစ်ဦး အသတ်ခံရ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၀ ခုနှစ်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည့် ကရင်ငြိမ်းချမ်းရေးကောင်စီမှ  အရာရှိတစ်ဦး ဘုရား သုံးဆူမြို့တွင် ယမန်နေ့ညက အသတ်ခံလိုက်ရသည်။

“ဆွိုင်း” စားသောက်ဆိုင်ပိုင်ရှင် ဗိုလ်သန်းအောင် အသက် ၃၇ နှစ်သည် ယမန်နေ့ည ၁၀ နာရီခန့်က အလုပ် ကိစ္စတစ်ခုဖြင့် အပြင်သို့ ထွက်သွားရာမှ အသတ်ခံခဲ့ရသည်ဟု ၎င်း၏အမျိုးသမီးက ပြောကြောင်း ဒေသခံတစ်ဦး က ယခုလိုပြောသည်။

“သူ့မိန်းမပြောပြတာက လူတစ်ယောက်ကဖုန်းဆက်လာတယ်တဲ့၊ အဲဒီမှာ သူကဆိုင်ကယ် စီးပြီး အပြင် ထွက်သွားတယ်။ အဲဒီကတည်းက ပျောက်သွားလိုက်တာ မိုးလင်းမှပဲ သူ့အလောင်းကို ပြန်တွေ့တယ် တဲ့။”

၎င်းသည် ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တပ်ရင်း (၇၀၉)မှ တပ်စုမှူးအဆင့် ရှိပြီး ဘုရားသုံးဆူမြို့ပေါ်တွင် ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်လှစ်ထားသူ ဖြစ်သည်။ 

“သူရဲ့ပါးစပ်မှာနန်းကြိုးနဲ့ဆွဲဟထားတယ်။ ပြီးတော့ လည်ပင်းမှာကြိုးစွပ်ထားတယ်။ပြီးတော့ ဒူးခေါင်း ရယ် ခြေကျင်းဝတ်ရယ်ကို လည်ပင်းကြိုးနဲ့ တဆက်တည်းချည်ထားတယ်။ ဒူးခေါင်းဆန့်လို့ရှိရင် ကိုယ့် လည်ပင်း ကိုယ်ပြန်အစ်သလိုပေါ့။ ပြီးတော့ တုတ်နဲ့ ရိုက်သတ်ထားတဲ့ပုံပဲ။” ဟု ဆက်ပြောသည်။

၎င်းစီးသွားသည့် ဆိုင်ကယ်အား မတွေ့သည့်အတွက် အခြားနေရာ၌ သတ်ပြီး အလောင်းအား လမ်းဘေးတွင် လာပစ်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

ဘုရားသုံးဆူဒေသတွင် မြန်မာစစ်အစိုးရအပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်း အတော်များများ အခြေစိုက်ရာ ဒေသဖြစ်သည့်အတွက် မည်သူ့လက်ချက်ဖြစ်သည်ကို မပြောနိုင်သလို မူးယစ်ဆေးဝါး နှင့် ပတ်သက်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။