မြန်မာစစ်အစိုးရ၏ လူအခွင့်အရေးချိုးဖောက်မှုများကို ပြန်လည်ဆန်းစစ်ရန် ရှမ်းလူထုအဖွဲ့စည်းများ တောင်းဆို

နွယ်လေး။
သြဂုတ်လ ၁၃ ရက် ၊ ၂၀၀၉ခုနှစ်။

ရှမ်းအမျိုးသားလူထုအဖွဲ့အစည်းများက အာဆီယံနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံများကို မြန်မာစစ်အစိုးရ၏ လူအခွင့် အရေးချိုးဖောက်မှုများကို ပြန်လည်ဆန်းစစ်ပေးရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ် ဆေးပေးရန်တောင်းဆိုလိုက်သည်။

“ရွာသားအိုးအိမ်မီးရှို့တာ။ ရပ်ရွာတွေက နှင်ထုတ်တာစတဲ့ မြန်မာစစ်အစိုးရတွေ လုပ်ရပ်ကို ရပ်တန်း ကရပ်ပေးဖို့၊ လူ့အခွင့်အရေးတွေမတရားချိုးဖောက်တာလဲ ကြာရှည်ပြီး များလှပြီမို့ ကမ္ဘာက ကူညီ ဖြေရှင်းပေးသင့်သလို မြန်မာအရေးပြသနာကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုတာပါ။” ဟု (ShanWom en’s Action Network) မှ နန်းချမ်တောင်းက ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင် တရားရင်ဆိုင်နေရစဉ် နိုင်ငံတကာက ယင်းအမှု ကို အလေးပေးကြည့်နေချိန်တွင် ရှမ်းပြည်သူလူထု အိမ်ခြေငါးရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု နန်း ချမ်တောင်းကဆက်ပြောသည်။

၂၀၀၉ ခုနှစ် ဂျူလိုင်လ ၂၇ ရက်နေ့က  မိုင်းကိုင်နှင့် လဲချားမြို့နယ် တတ်မောက် ကျေးရွာအုပ်စုမှ ရွာပေါင်းငါးရာ ကျော်ကို သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာသားအချို့မှာ ထိုင်းနယ်စပ်သို့ထွက်ပြေးလာသည်ဟု ရှမ်းလူထုအဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။

“တပ်ရင်း  ၅၁၄ ကဗိုလ်တစ်ဦးက ညနေ ၅ နာရီကနေ ညသန်းခေါင်ထိသူ့အမျိုးသားကို ကြိုးတုတ်ပြီး သူ့မိန်းမကို သူ့ရှေ့မုဒိမ်းပြုကျင့်တာ၊ မိန်းကလေး တစ်ယောက်က သူ့အိမ်က ပစ္စည်းပြန်သွားယူ နေတုန်း မသွားဖို့တားပြီး သူ့ကို သေနတ်နဲ့ ပစ်သတ်တယ်။” ဟု ၄င်းက ဆက်ပြောသည်။

ပထမအကြိမ် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း ရှမ်းပြည်သူလူထုကျေးရွာများကို မီးရှို့ဖျက်ဆီးပစ်ပြီး လူပေါင်း သုံးသိန်း ကျော်ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်များက ၄င်းတို့တောင်းဆိုချက်ကိုဆန်းစစ်ပြီး မြန်မာ စစ်အစိုးရအား ၄င်းတို့ လုပ်ရပ်ကို ရပ်တန်းကရပ်ရန်ဖိအားပေး နိုင်လိမ့်မည်ဟု ရှမ်းလူထု အဖွဲ့အစည်းများက မျှော်လင့်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။