|
ဆူနာမိ စိုးရိမ်မှုကြောင့် ထိုင်းတောင်ပိုင်းရှိ
မြန်မာအလုပ်သမားများ အထိတ်တလန့်ဖြစ်
ထွက်ပြေးတိမ်းရှောင်ရင်း ထိခိုက်ဒဏ်ရာရမှုအချို့ရှိ
ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။
ဆူနာမိစိုးရိမ်မှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာအလုပ်သမားများ
ဘေးလွတ်ရာသို့ ထွက်ပြေးကြရာ ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု
မြန်မာအလုပ်သမားများက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာထရာကျွန်းကို ဗဟိုပြု၍ အင်အား ၈ ဒဿမ ၂ ရစ်တာ စကေးရှိ
အင်အားပြင်းငလျှင်တခု ယမန်နေ့ညနေ ၆ နာရီ ၁၀ မီးနစ်တွင် လှုပ်ခတ်သွားခဲ့သဖြင့်
၂၀၀၄ ခုနှစ်က ကဲ့သို့ ဆူနာမိလှိုင်းများ ဖြစ်လာ မည်ကို စိုးရိမ်၍
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိုင်းလူမျိုးနှင့် မြန်မာနိုင်ငံသားများ
ဘေးလွတ်ရာသို့ ရှောင်တိမ်းကြခြင်း ဖြစ်သည်။
မြန်မာအလုပ်သမား ကိုထွန်းနိုင်က ပြေးလွှားရင်း ထိခိုက်မှုများ ရှိသည်ဟု ပြောသည်။
“ဆိုင်ကယ်ဝင်တိုက်သွားတာတဲ့။ ကလေးအငယ်ဆုံးထဲက မျက်လုံးလုံးဝ ဖွင့်လို့
မရဘူးတဲ့။ ကျနော် မေးတယ် ဘယ်နေရာ ထိခိုက်လဲဆို ကျန်တဲ့ နေရာထိမခိုက်ဘူး။
အဲဒီမျက်လုံးနှစ်လုံး က လုံးဝ မထိ မခံဘူးပြောတယ်။ အမေကျတော့
ဘာဖြစ်သွားလည်းဆိုတော့ မျက်နှာနားမှာ နည်းနည်းဒဏ်ရာရ တယ်။ နောက်တခါ ပေါင်ရင်း
ဂျွိုင်းဆက်ကနေ နှစ်ဘက်လုံး ပြုတ်သွားတယ်။ အသားစိုင်တွေ ဘာ တွေလှန်တယ်။ နောက်
ညို့သကျည်းပါ ဒဏ်ရာကြီးကြီးမားမားရတယ်။ လက်ရှိသူတို့က ဖန်င ဆေးရုံ ကြီးမှာ
ရှိနေတယ်တဲ့။”
ငလျှင်လှုပ်ခတ်ခဲ့သည့် နေရာမှာ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်
ဆူနာမိလှိုင်းများ ဖြစ်ပေါ်စေသော ငလျင်လှုပ်ခဲ့သည့် ဆူမထရာကျွန်းစုအနီး
ပင်လယ်ပြင်တွင် ထပ်မံလှုပ်ခဲ့ခြင်းဖြစ်သည်။ သို့ သော်လည်း ယခင် လှုပ်ခဲ့သည့်
နေရာ၏ အနောက်တောင်ဖက် ကီလိုမီတာ ၃၀၀ ကျော်အကွာတွင် လှုပ်ခြင်း ဖြစ်သည်။
ဖန်ငခရိုင်ရှိ ထိုင်းလူမျိုးနှင့် မြန်မာနိုင်ငံသားများ ထွက်ပြေးကြပုံကို
အလုပ်သမားများကို ကူညီပေးနေသည့် လူ့အ ခွင့်အရေး ပညာပေးရေးအဖွဲ့၏ တာဝန်ရှိသူ
ဦးထူးချစ်က ယခုလိုပြောသည်။
“ကျနော်တို့
နေရာက ဆူနာမိတော့ မဖြစ်နိုင်ပါဘူးလို့ အန္တရာယ်မရှိပါဘူးလို့ ဘယ်လောက်ဖြောင်း
ဖျဖျဗျ သူတို့အနေနဲ့ ဒီပြီးခဲ့တဲ့ ဆူနာမိ အတွေ့အကြုံအရ သူတို့
စိုးရိမ်ကြောက်လန့်နေတယ်ဗျ။ ဒါ ကြောင့်မို့လို့ သူတို့ လူဦးရေတော့ ကျနော်တော့
ခန့်မှန်းလို့ မရနိုင်ပေမယ့်၊ တော်တော်များများ တော့ နီးစပ်ရာ တောင်ကုန်းတွေ
ပေါ်ကို ထွက်ပြေးကြတယ်။ ထိုင်းတွေရော မြန်မာတွေရော။ ကျနော် တို့လည်း သူတို့
ပန်းရံဆိုက် ထဲမှာ ကျနော်တို့ ရုံးကားနဲ့ သူတို့အကူအညီတောင်းလို့ ကျနော်တို့
ရွှေ့ပေးရတာတွေ ရှိတယ်။ နောက် ကျနော်တို့ ယာယီတန်းလျားတွေမှာ သူတို့ကို ခန
ထားပေးရ တယ်ခင်ဗျား။”
ဘေးကင်းရာသို့ ထွက်ပြေးကြသူအများစုမှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ဆူနာမိကြောင့်
လူအများဆုံးသေဆုံးခဲ့သည့် ဖန်ငခရိုင် တကွော်ပါမြို့နယ် ဘန်းနမ်းခဲမ်ရွာ၊
ခက်ခရွာနှင့် ထန်းပလတ်မုရွာတွင် နေထိုင်အလုပ်လုပ်သူများ ဖြစ် ကြသည်။
ယနေ့နံနက်တွင် အလုပ်သမားအချို့ အလုပ်ပြန်ဆင်းကြသော်လည်း အမျိုးသမီးနှင့်
ကလေးအများအပြားမှာမူ ဘေးလွတ်ရာတွင် တိမ်းရှောင်နေကြဆဲဖြစ်သည်ဟု ဦးထူးချစ်က
ပြောသည်။
“အချို့ကျတော့ ညတွင်းချင်း ပြန်ဆင်းတဲ့သူရှိတယ်။ ပြေးတာတော့ အများကြီးပဲဗျ။
ကျနော်တို့ နယ်မှာဆို ရွာပေါင်းစုံပဲ။ ကျနော်တို့ကို လှမ်းမေးတယ်အခြေအနေ။
ကျနော်တို့ပြောပြတော့ တချို့ ပြန်တယ်။ တချို့ကျတော့လည်း ညတွင်းချင်းပြန်တယ်။
တချို့ကျတော့လည်း ညအိပ်ပြီးတော့ မနက် မိုးလင်းမှ ပြန်ကြတယ်။ မနက်မိုးလင်း
ဆိုတောင်မှလည်း သားသမီးနဲ့ အမျိုးသမီးတွေကိုတောင်မှ အခုထက်ထိ ရေလွတ်ရာမှာ
ထားထားတာ ရှိတယ်။”
ထိုင်းရုပ်မြင်သံကြားများက ယမန်နေ့ညဦးပိုင်းက လူအများကို
သတိနှင့်နေကြရန်သတိပေးခဲ့ပြီးနောက် ညနက် ပိုင်းတွင်မူ စိုးရိမ်ဖွယ်မရှိကြောင်း
သတင်းထုတ်ပြန်ပေးခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ငလျှင်လှုပ်ခတ်မှုဒဏ်ကြောင့် အဆောက်အဦပျက်စီးမှု၊
ဓာတ်တိုင်၊ သစ်ပင်များ ပြိုလဲကျမှု ကြောင့် လူ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ၁၀၀
ကျော် ဒဏ်ရာရှိသည်ဟု အင်ဒိုနီးရှားနိုင်ငံထုတ် ဂျကာတာပို့စ် သတင်းစာတွင်
ဖော်ပြထားသည်။
ငလျှင်လှုပ်ခတ်မှုကြောင့် အိန္ဒိယသမုဒ္ဒရာကမ်းခြေဒေသများတွင်လည်း ဆူနာမိ
သတိပေးချက်များ အရေးပေါ် ထုတ်ပြန်ထားသည်။
၂၀၀၄ ခုနှစ်
အင်ဒိုနီးရှားနိုင်ငံအနီး အင်အား ၉ ဒဿမ ၀ ရစ်တာ စကေးရှိ ငလျှင်လှုပ်ခတ်ခဲ့သဖြင့်
ဆူနာမိ ဖြစ်ပွားပြီး အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေ နိုင်ငံများမှ ခန့်မှန်းခြေ
လူပေါင်း ၂ သိန်း ၃ သောင်း ခန့် သေဆုံးပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူ
၅၀၀၀ ခန့် သေဆုံးရာ မြန်မာနိုင်ငံသား ၂၀၀၀ ခန့်ပါဝင်သည်ဟု မြန်မာ
အလုပ်သမားများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက ခန့်မှန်းထားသည်။
|