|
ကျပ်ငွေတန်ဘိုးတက်၍
မြန်မာ့စားသောက်ကုန်များ ဈေးတက်၊ ကျောက်စိမ်းများ ရောင်းမထွက်
သတင်းနှင့်မီဒီယာ ကွန်ယက်။
နိုဝင်ဘာလ ၁၃ ရက်၊ ၂ဝဝ၉ ခုနှစ်။
မြန်မာကျပ်ငွေ တန်ဘိုးတက်သည့်အတွက်ကြောင့် တရုတ်ပြည်ဘက်သို့ တင်သွင်းနေသည့်
စားသောက်ကုန်များ ဈေးတက်ပြီး ကျောက်စိမ်းဈေးကွက်လည်း အေးနေသည်၊
ပြီးခဲ့သည့်အပတ် သောကြာနေ့ တရုတ်-မြန်မာ ငွေလဲဈေးကွက်တွင် တရုတ်ငွေ တယွမ်ကို
(၁၅၇)ကျပ် ပြား(၅ဝ) ဈေးပေါက်ခဲ့ပြီး ကျပ်ငွေတန်ဘိုး တဖြည်းဖြည်း တက်လာနေရာ
ယနေ့တွင် (၁၄၉)ကျပ်(၂၅)ပြား ဈေးပေါက် လာ နေသဖြင့် မြန်မာဘက်မှ တရုတ်ဘက်သို့
တင်သွင်းနေသည့် စားသောက်ကုန်များပါ ယခုရက်ပိုင်းအတွင်း ဈေး တက်နေသည်။
ယခင်အပတ်က
ပေါ်ဆန်မွေး တပြည်လျင် တရုတ်ငွေ (၁၂) ယွမ်သာရှိနေရာမှာ ယခု(၁၃)ယွမ် အထိလည်း
ကောင်း၊ ကြက်သွန်နီ တပိသာ (၉)ယွမ်မှ (၁၂)ယွမ်အထိလည်ကောင်း၊
စားသောက်ကုန်များနှင့် ကုန်ပစ္စည်း များအားလုံး ဈေးတက်ခဲ့ရသည်ဟု
တရုတ်-မြန်မာနယ်စပ် ရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောသည်။
“ဗမာငွေတက်လာတော့အရင်ဈေးအတိုင်း လိုက်ရောင်းလို့မရတော့ဘူး။
ဒါကြောင့်ဈေးတက်ပြီးရောင်း ရတာ။ ဒီလို ဈေးတင်ရောင်းတော့ အရောင်းအဝယ် အတော်လေး
ပါးသွားတယ်။”
ဟု ကုန်စုံဆိုင်ပိုင်ရှင် က ပြောသည်။
တရုတ်ပြည်
ကျယ်ဂေါင်နှင့် ရွှေလီမြို့အပါအဝင် တရုတ်ကျောက်ဈေးကွက်များတွင် မြန်မာပြည်ဘက်မှ
လာ ရောက်ကျောက်ရောင်းနေသည့် ကုန်သည်များမှာ အရောင်းအဝယ် လုပ်၍ မရတော့ဘဲ အချို့က
ပါလာသည့် ကျောက်စိမ်းများ ကျောက်ပွဲရုံများတွင် အပ်နှံကာ ပြန်သွားကြရသည်ဟု
ကျောက်ကုန်သည်တဦးက ပြောသည်။
“ကျောက်ကျတော့ ဈေးတက်လို့ မရဘူး။ တရုတ်တွေက သူတို့အရင်က မှန်းထားတဲ့ ဈေးဘဲ
ပေးနေ တာ။ ကိုယ်ကဈေးတက်တော့ ပြေးပြီပေါ့။ ဘယ်လိုမှ ရောင်းလို့မရလို့ အချို့
ပွဲရုံမှာ အပ်ပြီး ပြန်ရ တယ်။ ဒီမှာလည်း စားသောက်စရိတ်က ကြီးတော့
ငွေဈေးပြန်ကျတာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး။”
ဟု ကျောက်ကုန်သည်တဦးက ပြောသည်။
ယခု
ကျပ်ငွေ တန်ဘိုး တက်လာခြင်းမှာ နယ်စပ်အားလုံးတွင် ဖြစ်နေပြီး
ဤသို့ဖြစ်ရခြင်းမှာ ဒေါ်လာဈေး ကျနေ ၍ဖြစ်သည်ဟု ခန့်မှန်းနေကြသော်လည်း
တရုတ်-မြန်မာနယ်စပ်တွင် ယခုလို ပွင့်လင်းရာသီအတွင်း မြန်မာငွေ တန်ဘိုး
တက်လေ့ရှိသည်။
မြန်မာပြည်အတွင်း သစ်လုပ်ငန်း၊ ရွှေလုပ်ငန်း၊ ကျောက်စိမ်းတွင်းလုပ်ငန်းများသို့
မြန်မာငွေများ ချပေးသည့် အတွက် တရုတ်နယ်စပ်တွင် ကျပ်ငွေ
ဝယ်လိုအားကောင်းလာတတ်သည်ဟု နယ်စပ် ဒေသခံ များက ပြောသည်။
|