ဖမ်းဆီးရမိပစ္စည်းများ လေလံတင်ရောင်းချ၊ အချို့ဖျက်ဆီးမည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
နိုဝင်ဘာလ ၁၃ရက်၊ ၂ဝဝ၉ ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်း၊ လားရိုးမြို့၌  နယ်စပ်ကုန်သွယ်ရေးတွင် ဖမ်းဆီးရမိထားသည့် တရားမဝင်  ကုန်ပစ္စည်း များ အား လေလံတင်ရောင်းချပွဲ ပြုလုပ်ခဲ့သည်။

မှောင်ခိုလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရားမဝင် တင်သွင်းစဉ် ဖမ်းဆီးရမိထား သည့် ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ဒီဗွီဒီ၊ ဗီဒီဒီစက် အပါအဝင် လျပ်စစ်ပစ္စည်းများ၊ ကွန်ပြူတာပစ္စည်းများ စသည့် တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများကို လားရိုးမြို့၊ ပြည်နယ်အကောက်ခွန်ရုံးတွင် ပြီးခဲ့သည့် ကြာသ ပတေးနေ့ က လေလံတင်ပွဲ ပြုလုပ်ခဲ့သည် ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

“ကန့်သတ်ကုန်တွေကိုတော့ လေလံတင်တာပေါ့၊ တားမြစ်ကုန်တွေဖြစ်တဲ့ ဘီစကစ်တို့၊ အချိုမှုန့်တို့၊ ဖျော်ရည်တို့ ကျတော့ ဖျက်ဆီးတဲ့ထဲ ပါမယ်။ အဲဒီအတွက် ညွန်ချုပ် ကိုယ်တိုင် ရောက်နေတာ။ လာရှိုး ကနေ ဒီနေ့ မူဆယ်ရောက်လာတယ်။ ”

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးမှူးချုပ် ဦးစံပြည့်(အငြိမ်းစားဗိုလ်မှူးကြီး)သည် ယခု မှောင်ခို ပစ္စည်း လေလံတင်ပွဲနှင့် တားမြစ်ပစ္စည်း ဖျက်ဆီးရန်အတွက် ယခု မူဆယ် ကုန်သွယ်ရေးဇုန်တွင် ရောက်ရှိနေ သည်။

၂ဝဝ၈- ၂ဝဝ၉ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မူဆယ်(၁ဝ၅)မိုင်ဇုန်မှ ဖမ်းဆီးရမိသည့် ကုန်ပစ္စည်း တန်ဘိုး ပမာဏမှာ ကျပ်သန်းပေါင်း (၂၆ဝဝ)နီးပါးရှိခဲ့ပြီး ၂ဝဝ၉-၂ဝ၁ဝ  ဘဏ္ဍာနှစ်၊ ပထမနှစ်ဝက်တွင်လည်း ကျပ်သန်း (၁ဝဝဝ)ကျော်ရှိနေပြီဖြစ်ကြောင်း မူဆယ်ကုန်သွယ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် နီးစပ်သူက ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။