လှေစီး အလုပ်သမား ၁၀၀ ကျော် ထပ်မံ ဖမ်းဆီးမိ

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇန္န၀ါရီလ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာနိုင်ငံ ရခိုင်ဒေသမှ ခိုးဝင်လာသော လှေစီးရိုဟင်ဂျာ တရာကျော်ကို ထိုင်းအာဏာပိုင်များက ယနေ့ နံနက် ပိုင်းတွင် ယခု နှစ်အတွင်း တတိယအကြိမ်အဖြစ် ထပ်မံ ဖမ်းဆီးမိခဲ့သည်။

ရခိုင်ပြည်နယ်မှ ထိုင်းပင်လယ်သို့ ၀င်ရောက်လာသော ရခိုင်ပြည်နယ် မောင်းတောဒေသမှ “ရိုဟင်ဂျာ” ဟု လူ သိများသည့် မူဆလင်ဘာသာဝင် တရာကျော်ကို ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်တွင် နံနက်စောစော လေးနာရီ ခန့်တွင် ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများအား ကူညီပေးနေသည့် အ ခြေခံ လူထု လူ့အခွင့်အရေး ပညာပေးဌာနမှ ထိုင်းအမျိုးသမီး ယင်း(န်) က ပြောသည်။

အခုရဲစခန်းမှာ ဖမ်းထားတဲ့သူ ၁၀၉ ယောက်ရှိတယ်၊ နောက်ထပ်ရောက်လာမယ့်သူ ၂၀ လောက်ရှိ တယ်၊ လွတ်သွားတဲ့သူတွေနဲ့ ပေါင်းရင် စုစုပေါင်း ၁၅၀ လောက်ရှိမယ်။

ယခုအကြိမ် ဖမ်းဆီးရမိသူ အားလုံးမှာ အမျိုးသားများ ဖြစ်ကြပြီး အသက် ၁၄- ၁၅ နှစ်အရွယ် ကလေး သုံးဦးပါ ၀င်သည်။

ဖမ်းဆီးမိသော ရခိုင်ပြည်နယ်မှ မူဆလင်များကို ယခုအခါ ထိုင်းတောင်ပိုင်း ခူရတ်ဘူရီ ရဲစခန်းတွင် ထိန်းသိမ်း ထားသည်။

ယခုထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံရသူများမှာ ရခိုင်ဒေသအတွင်း တွေ့ကြုံရသော စီးပွားရေး အခက်အခဲများ ကြောင့် ဖြစ်သည်ဟု ထိန်းသိမ်းခံရသူများကို ကူညီနေသည့် အခြေခံ လူထု လူ့အခွင့်အရေး ပညာပေးဌာန မှ ကိုမောင်ကိုက ပြောပြသည်။

ဟိုမှာ လယ်တွေ မြေတွေ သိမ်းခံထိတယ်တဲ့။ စစ်တပ်ကလည်း တအား ဖိနှိပ်ချုပ်ချယ်လွန်းတော့ သူ တို့မှာ စားဝတ်နေရေး အခက်အခဲလည်း ရှိတယ်လေ။ နေရထိုင်ရတာလည်း လုံးဝ အဆင်မပြေဘူး တဲ့။

ရခိုင်ဒေသမှလာသူအများစုမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်လာသူများဖြစ်ပြီး ၄င်းတို့နှင့်အတူ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် မလေးရှားနိုင်ငံများမှ အဆက်အသွယ်များ. ဖုန်းနံပတ်များ ယူဆောင်လာခဲ့ကြသည်။

ထိုင်းတည်ဆဲ ဥပဒေအရ ယခုကဲ့သို့ တရားမ၀င် ခိုးဝင်လာသူများကို နေရပ်ရင်း နိုင်ငံသို့ ပြန်ပို့လေ့ရှိသည်။ ယခင်နှစ်များက ထိုင်းတောင်ပိုင်း ပင်လယ်တွင် ဖမ်းဆီးမိသော မူဆလင်များကို မြန်မာနယ်စပ် မဲဆောက်သို့ ပြန်လည်ပို့ဆောင်လေ့ရှိသည်။

မိုးရာသီကုန်ဆုံးပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ခိုးဝင်လာသူ ၂၅၀ကျော်ကို ထိုင်းလုံခြုံရေး အဖွဲ့အ စည်း များက ဖမ်းဆီးရမိပြီးဖြစ်သည်။ ယခင်နှစ်အတွင်းက ထိုင်းနိုင်ငံသို့ ရခိုင်ဒေသမှ ရေကြောင်းဖြင့် ၀င်ရောက် လာသူ ၁၅၀၀ခန့်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။