မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမားတစ်ရာကျော် အဖမ်းခံရ

ဇော်ကြီး။
မေလ ၁၄ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဆလာရမ်း ဈေးအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ် သမား တစ်ရာကျော် မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဆလာရမ်းဈေး၌ ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီကျော်ခန့်က ၀င်ရောက် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်လာသူ ကိုဒါဝတ်က ယခုလိုပြောသည်။

“ဒီဆာလာရမ်းဈေးထဲကို အော်ပရာစီ ၀င်ပြီးတော့ ဖမ်းတယ်။ ဖမ်းတာမှ ဒီ ဗမာနိုင်ငံသား တွေ၊ ဗမာ လူမျိုးတွေ အကုန်လုံး အယောက်တစ်ရာကျော်လောက် ပါသွားတယ်။”

မလေးရှားအစိုးရလုပ်ငန်းများအား အထောက်အကူပြုရန် အရပ်သားများဖြင့် ဖွဲ့စည်းထား သည့် ရေလာ ခေါ် ဒုစရိုက်နိမ်နှင်းရေးအဖွဲ့၊ ရဲနှင့် လ၀က  တို့မှ ဈေးအတွင်း၊ အပြင် ပိတ်၍ဖမ်းဆီးခြင်းဖြစ်ပြီး ထွက်ပြေးသူများအား ရိုက်နက်မှုများရှိသည်ဟု ၎င်းကဆက် ပြောသည်။

ဈေးအတွင်းအလုပ်လုပ်ကိုင်သူများ နေထိုင်သည့် ဈေးအရှေ့ရှိ အလုပ်သမားတန်းလျား များ၌လည်း ၀င်ရောက် ဖမ်းဆီးခဲ့သည်ဟု ၎င်းက ပြောသည်။

“ဈေးထဲဝင်ပြီး ဈေးထဲလည်းဖမ်းတယ်။ နောက်ဒီ အလုပ်သမားတွေ အိမ်ငှားနေကြတဲ့၊ အဲဒီ ဈေး ရှေ့မှာ ဖလက်တွေရှိတယ်။ အဲဒီဖလက်တွေမှာငှားနေတဲ့သူတွေ အကုန်လုံးလည်း ဖမ်းသွားတယ်။”

တရားမ၀င် အမျိုးသမီး ၁၄ ဦးအပါအ၀င်၊ ရွှေ့ပြောင်း အလုပ်သမား ၈၃ ဦးအား မလေးရှား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု မလေးရှားအမျိုးသား သတင်းအေဂျင်စီက ယမန်နေ့က သတင်းထုတ်ပြန်သည်။

အဖမ်းခံရသူများသည် UNHCR လက်မှတ်ကိုင်ဆောင်ထားသူများပါဝင်ပြီး မြန်မာနိုင်ငံသား အများစုဖြစ်သည်ဟု မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားကာကွယ်ပေးရေးကော်မတီ (BWRPC) မှ ကိုကျော်ထူးအောင်က ပြော သည်။

“အဲ့ဒီမှာက မြန်မာနိုင်ငံသားက တော်တော်များတယ်။ အဲဒီမှာ အများဆုံးက မြန်မာမွတ်ဆလင်တွေ ရှိမယ်၊ နောက်ပြီးတော့ ရိုဟင်ဂျာတွေရှိမယ်။ သူတို့တွေတော်တော် များများ က UNHCR တွေကိုင် ထားတာ။”

နိုင်ငံခြားသားအလုပ်သမား ၂၀၀၀ ၏ နေရာ၌ နိုင်ငံသားအလုပ်သမားများကို အစားထိုး ရမည်ဟု လွန်ခဲ့သည့် ဧပြီလ ၆ ရက်နေ့က ကွာလာလမ်ပူ မြို့တော်ဝန်မှ ပြောကြားခဲ့ပြီးနောက် အဖမ်းအဆီးများစတင်လာခြင်းဖြစ် သည်ဟု (BWRPC)အဖွဲ့က သုံးသပ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။