ရလလဖ တပ်ဖွဲ့များ ပီအဲန်အိုနှင့် ပူးပေါင်း

ခွန်အောင်မြတ်။
ဇူလိုင်လ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။

ပအိုဝ်းနီ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး(ရလလဖ)အဖွဲ့မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ သည် ခွဲထွက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)နှင့် ပူးပေါင်း လိုက်သည်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဟိုနမ်းဒေသတွင် အခြေစိုက်သည့် ရှမ်းပြည်လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့(ရလလဖ)မှ ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့် တပ်သား ၄၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

ယင်းသတင်းနှင့်ပတ်သက်၍ ရလလဖနှင့် ပီအဲန်အိုတို့က မှန်ကန်ကြောင်း အတည်ပြု သော်လည်း အသေးစိပ် ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။

ဗိုလ်မှူးဆိုင်ဖ ဦးဆောင်သည့်အဖွဲ့ ပီအဲန်အိုနှင့် ပူးပေါင်းလိုက်သည်မှာ မှန်ကန်ကြောင်း နယ်စပ်အခြေစိုက်သည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အတည်ပြုပြောသည်။

“ဗိုလ်မှူးတာကလယ်အဖွဲ့တော့ မပါဘူးလို့ ကြားတယ်။ သူတို့ဒီနိုင်ငံရေး ခေါင်းစဉ်နဲ့လုပ်တာ မဟုတ် ဘူးတဲ့။ ဒီအောက်ခြေ အဖွဲ့တဖွဲ့က သွားတဲ့သဘောမျိုး။ ကျနော်လည်း ပထမတော့ တဖွဲ့လုံး ပေါင်း သလား၊ နောက်ပြီးတော့ ဒီ ပအိုဝ်းနိုင်ငံရေးပါတီ ထူထောင်ဖို့ အတွက် လူစုသလားပေါ့ အဲလိုမျိုး ထင်တာ။ မေးကြည့်တော့ ရလလဖက နိုင်ငံရေး ခေါင်းစဉ်နဲ့တော့ ပေါင်းတာ မဟုတ်ဘူးလို့ အဲဒီလို ကြားနေတယ်။ အခုက ပေါင်းတာ မဟုတ်ဘူး အဲဒီတပ်ဖွဲ့က အခြေအနေ မကောင်းလို့ ပီအဲန်အိုထဲမှာ ၀င်လိုက်တဲ့ သဘောမျိုးပေါ့ အဲလိုဖြစ်နိုင်တယ်။”

အတည်ပြုချက်မရသေးသည့်သတင်းအရ ဟိုနမ်းဒေသမှ ဗိုလ်မှူးဆိုင်ဖဦးဆောင်သည့် အဖွဲ့ အပြင် ရလလဖ ဥက္ကဌ အခြေစိုက်နေသည့် နောင်ထောင်ဝ်ရှိ နာယကအဖွဲ့ဝင် တချို့အပါအ၀င် တပ်အင်အား ၁၀၀ ကျော်တို့ ပီအဲန်အိုနှင့် ပူးပေါင်းသည်ဟု ပီအဲန်အိုနှင့် နီးစပ်သူက ပြောသည်။

”တာကလယ်တို့အဖွဲ့က သူရိန်တို့အဖွဲ့ကလည်း ဒီဘက်ကို ထွက်လာပြီ တိုက်ပွဲတွေ လုပ်နေတယ်။ တဖက်ကလည်း အခုက အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေး ပါတီ ထူတောင်ကြ ဖို့ နအဖက တိုက်တွန်း နေတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေလည်း အကုန်လုံး လက်နက် အပ်ချင်အပ် မအပ်ချင် လည်း အထူး ပြည်နယ်လုံခြုံရေးတပ် ရဲလုပ်၊ အုပ်ချုပ်ရေး အတွက် အကူအညီပေးဖို့တွေ တောင်းဆို တယ်။ ဒီဖိအားတွေ အောက်မှာ ဥက္ကဌ တာကလယ် ဦးဆောင်တဲ့ လက်ကျန် ရလလဖက ဘာဆက် လုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ထင်တယ်။ ပါတီထောင်ဖို့ကလည်း အင်အားမလုံလောက်၊ တပ်က လည်း မယ်မယ်ရရ မရှိ၊ အုပ်ချုပ်ရေးနယ်မြေကလည်း တိတိပပ မပြောနိုင်ဘူးလေ။ အဲဒါဆိုတော့ သူတို့အနေနဲ့ ဘယ်လမ်းလျှောက်ရမှန်းဆိုတာ အခက်အခဲဖြစ်နေတယ်ထင်တယ်။ ကြည့်ရတာ။” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။

ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့သည်၁၉၉၄ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် တွင် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီး ခွန်ထိဆောင် ဦးဆောင်သည့်အဖွဲ့သည့် ရလလဖ အဖွဲ့မှ ခွဲထွက်ပြီး လွတ်မြောက်နယ်မြေတွင် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ဟု အမည်ပြောင်းလဲ ဖွဲ့စည်းပြီး မြန်မာစစ်အစိုးရကို လက်နက်ကိုင်၍ ဆက်လက် တော်လှန် နေဆဲဖြစ်သည်။

ရလလဖ၏ ဥက္ကဌဖြစ်သူ ဗိုလ်မှူးချစ်မောင်ဦးဆောင်သည့်အဖွဲ့သည် ပြီးခဲ့သည့်နှင့် ဇူလိုင်လတွင် မြန်မာစစ် အစိုးရထံ လက်နက်ချခဲ့ပြီး ဌာနချုပ်စခန်းဖြစ်သည့် နောင်ထောင်ဝ် တွင် ဥက္ကဌဟောင်း ဗိုလ်မှူးကြီး တာကလယ် နှင့် နာယကအဖွဲ့များ ဆက်လက် ဦးဆောင် သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။