ဖားကန့်ကျောက်စိမ်းတွင်းမှ တန်ချိန်(၁ဝဝ)ကျော်ရှိ ကျောက်စိမ်းတုံးသယ်ထုတ်ဖို့ ခက်ခဲနေ

သတင်းနှင့်မီဒီယာ ကွန်ယက်။
န္နဝါရီလ ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ်။

ကချင်ပြည်နယ်၊ဖားကန့်ဒေသရှိ ဆိုင်ဂျာဘွန်ကျောက်စိမ်းမှော်တွင် တန်ချိန်(၁ဝဝ)ကျော်အလေးချိန်ရှိ ကျောက် စိမ်းတုံး တတုံးကို ရန်ကုန်သို့သယ်ယူရန် ခက်ခဲကြုံနေသည်။

မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိနှင့် နီးစပ်သည်ဟု လူသိများသည့် မြန်မာနိုင်ငံဘောလုံး အဖွဲချုပ်ဥက္ကဌလည်း ဖြစ်သူ ဦးဇော်ဇော်၏ ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်မှ မကြာသေးမီ လပိုင်းက ထွက်ရှိသည့် ကျောက်စိမ်း တုံးမှာ တန်ချိန်(၁ဝဝ) ကျော် ရှိသဖြင့် သယ်ယူရန် လမ်းဖောက်း၊ တံတားဆောက်ရမည်ဖြစ်၍ ကုန်ကျစရိတ်များ သဖြင့် အခက်အခဲနှင့် ကြုံတွေနေရခြင်းဖြစ်သည်။

မည်သို့ ဆောင်ရွက်ရမည်ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ဦးဇော်ဇော်၏ ကျောက်မျက် တူးဖေါ်ရေးလုပ်ကွက်မှ တာဝန်ရှိ သူများနှင့် နီးစပ်သူ ဖားကန့်ဒေသခံတဦးက ပြောသည်။

ခွဲစိတ်ပြီး ယူမယ်ဆိုရင်လည်း ကျောက်တန်းဖိုးကျသွားမယ်။ ဒီအတိုင်းသယ်ဖို့ကလည်း တံတားတွေ က အဲဒီအလေးချိန်ကို မခံနိုင်တော့ ခက်နေတာတဲ့။ အခုက သူတို့တွေကြား ဟာသအနေနဲ့ ပြောနေ တာက ဒေါ်ကြိုင်ကြိုင်ရဲ ကျောက်လုပ်ကွက်က အဲလို ကျောက်မျိုး ထွက်မှဘဲ သယ်လို့ရတော့မယ် ဆိုပြီး ပြောနေတာ။

ဦးဇော်ဇော်၏ ကျောက်လုပ်ကွက်နှင့် ကပ်လျက်တွင် ကိုင်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က ကျောက်တူး နေပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်က ပိုင်ဆိုင်သည့်ကုမ္ပဏီလည်း ဖြစ်သည်။ အဆိုပါ ဆိုင်ဂျာဘွန် ကျောက်စိမ်းမှော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားတဦးဖြစ်သည့် ထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် နိုင်ဂရု ကုမ္ပဏီလိမိတက်ကလည်း ကျောက်တူးနေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

၂ဝဝဝ ခုနှစ်ဝန်းကျင်ကလည်း ဦးအောင်ခမ်းထီးဦးဆောင်သည့် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲပိုင် ကျောက်ကုမ္ပဏီက တန်ချိန်(၃ဝဝဝ)ကျော်ရှိ ကျောက်စိမ်းထွက်ရှိရာ သယ်ယူဖို့ခက်ခဲ သဖြင့် စစ်အစိုးရထံ လှူဒါန်းခဲ့ရသည်။ ယခု အခါ အဆိုပါ တန်ချိန်(၃ဝဝဝ)ရှိ ကျောက်စိမ်းကို မြေအောက်ကျောက်မျက်ပြခန်းအနေဖြင့် ခင်းကျင်းပြသထား သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် သား၊ ဦးဇော်ဇော်တို့ပိုင်သည့် ကျောက်တူးကုမ္ပဏီများ သည် ယမန်နှစ်မှစ၍ ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းများသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ဦးတေဇမှာ လွန်ခဲ့သည့် သုံးနှစ်ခန့် ကတည်းက ဝင်ရောက်လုပ်နေခြင်းဖြစ်သည်။

ဖားကန့်ဒေသအတွင်း ငွေအရင်းအနှီးကြီးမားပြီး အာဏာပိုင်များနှင့်ဆက်စပ်ပတ်သက် သည့် အဆိုပါကုမ္ပဏီများ က စက်ယန္တယားများဖြင့် ဝင်ရောက်လုပ်ကိုင်နေသဖြင့် အချိန်တို အတွင်း တောင်ကုန်းများနှင့် မြင့်မားသည့် ကမ်း ပါးယံများကို ဖြိုချကာ ကျောက်ရှာနေသဖြင့် ကျောက်ရှားပါးမှုများကြုံရကာ ဒေသခံများအနေဖြင့် ကျောက် လုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းရန် ခက်ခဲလာနေကြသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။