လက်မှတ်မဲ့ မြန်မာအလုပ်သမားများကို  ထိုင်းနိုင်ငံအနှံ့ ဖမ်းဆီးနေ

ခွန်အောင်မြတ်။                                                                                                             ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှ မြန်မာအလုပ်သမားများ နေထိုင်ကြသည့် တန်းလျားများကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး လက်မှတ်မရှိသည့် အလုပ်သမား ၆၀ ခန့်ကို  ဖမ်းဆီး လိုက်သည်။

မဲဆောက်မြို့ရှိ ဟိုဖိုင်နှင့် ကပိဘန်း ရပ်ကွက်မှ မြန်မာအလုပ်သမားများ စုပေါင်းနေထိုင်ကြသည့် တန်းလျား များသို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ကျေးရွာပြည်သူ့စစ်တို့က ပူးပေါင်း၍ ၀င်ရောက်ဖမ်းခြင်းခဲ့ခြင်းဖြစ်သည်။

ယနေ့မနက်အဖမ်းအဆီးနှင့် ပတ်သက်၍ အလုပ်သမားအရေးကို ကူညီပေးနေသည့် ကိုမိုးကြိုးက ယခုလို ပြော သည်။

“ဒီနေ့မနက် အဖမ်းအဆီးက မနက်လေးနာရီခွဲက စပါတယ်။ ရရှိတဲ့ သတင်းအရကတော့ ဟိုဖိုင်နဲ့ ကပိဘန်းမှာ ဖမ်းပြီးတော့ အလုပ်သမား ငါးဆယ်၊ ခြောက်ဆယ်လောက်တော့ ပါသွားပါတယ်။ ပါ သွားတဲ့ အလုပ်သမားတွေကတော့ ကျပန်းနဲ့ စိုက်ပျိုးရေးသမားတွေ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံ အ လုပ်သမားတွေကတော့ ဒီ ဘတ်(အလုပ်သမားလက်မှတ်) ရှိသူတွေက လွတ်ပြီးတော့ အဲအထဲမှာ စက်ရုံအလုပ်ရုံ အလုပ်သမားတွေထဲက ဘတ်မရှိသူ တချို့လည်း ပါသွားတယ်လို့ ကြားသိရပါတယ်။”

ဟိုဖိုင် အလုပ်သမားတန်းလျားမှ အဖမ်းမခံရပဲ ထွက်ပြေးလွတ်မြောက်လာသည့် ပန်းရံအလုပ်သမား ကိုနိုင်ထက် က ယခုလိုပြောသည်။

“မနက်ခြောက်နာရီခွဲလောက်ကပေါ့ဗျာ။ ကျနော်တောင် ပြေးလိုက်ရသေးတယ်။ စဖမ်းတာ လေးငါး နာရီ လောက် ကျနော်တို့ဆီရောက်တော့ ခြောက်နာရီလောက်တော့ ရှိပြီခင်ဗျား။ ကျနော်မြင်တာ သုံးစီးစာလောက် ရှိမယ်ခင်ဗျား။ သူတို့ဖမ်းတာ ဟိုင်းလက်ကားနဲ့ဆိုတော့ အနည်းဆုံး အစိတ်၊ သုံး ဆယ်လောက်တော့ ၀င်မယ်။ ”

ဟိုဖိုင်ရပ်ကွက်တွင် စုပေါင်းနေထိုင်ကြသည့် မြန်မာ ကျပန်းအလုပ်သမားများ တထောင်ကျော်ခန့် နေထိုင်လျှက် ရှိသည်။

ယခုလ ၉ ရက်နေ့က ချင်းမိုင်မြို့လယ်ရှိ မြန်မာအလုပ်သမားများ အများစု လုပ်ကိုင်နေရာ တလတ်မိန်းမိုင်(မြို့ သစ်ဈေး)ဈေးအတွင်းသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းရဲများ ၀င်ရောက်စစ်ဆေးရာ အလုပ်သမား လက်မှတ်မ ရှိသူ ၂၀၀ ကျော် ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံတာချီလိတ်မြို့တဖက်ကမ်းရှိ ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင်လည်း အလုပ်သမားလက်မှတ် မရှိသူများကို ယခုလအတွင်း နေ့စဉ် ဖမ်းဆီးပြန်ပို့နေသည်ဟု မယ်ဆိုင်မြို့ခံက ပြောသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်သော အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများကို  ယခု လကုန်တွင် နောက်ဆုံးထား၍ အလုပ်သမားလက်မှတ်များ  သက်တမ်းထပ်မံတိုးမြှင့်ပေးနေပြီး  သက်တမ်းမတိုး သည့် နိုင်ငံခြားသားအလုပ်သမားများကို နိုင်ငံအနှံ့ ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ  ယမန်နှစ်က နိုင်ငံခြားသားအလုပ်သမားများ ဦးရေ ၆၆၀၀၀၀ (ခြောက်သိန်းခြောက်သောင်း) ကျော် အလုပ်သမားလက်မှတ် သက်တမ်းတိုးပြီး ယခုနှစ်တွင် ငါးသိန်းနှင့် ခြောက်သိန်းကြားသာ သက်တမ်းလာတိုးကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ ၁သန်းကျော် ရှိသည့်အနက် မြန်မာနိုင်ငံသား များ မှာ အများဆုံးဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။