|
နှစ်နှစ်အရွယ်ကလေး
အပါအ၀င် ချင်းလူမျိုး ၅၀ခန့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
သတင်းနှင့်မီဒီယာကွန်ယက်။
ဇွန်လ ၁၅ရက်၊ ၂၀၀၇ခုနှစ်။
အသက်နှစ်နှစ်အရွယ် ကလေးငယ်အပါအ၀င် ချင်းလူမျိုးအယောက် ၅၀ခန့်ကို
မလေးရှားနိုင်ငံသို့ သွားရောက် စဉ် ထိုင်းနိုင်ငံတောင်ပိုင်း
ကူလပ်ဘူရီမြို့အလွန်၌ ထိုင်းရဲများက ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက်
အခြေခံ လူထု လူ့အခွင့်အရေးပညာရေးဌာနမှ ၀န်ထမ်းတဦး က ပြောသည်။
ဖမ်းဆီးခံခဲ့ရသော ချင်းအမျိုးသားများသည် မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ဟားခါး၊
ဖလမ်းနှင့် တီးတိန်နယ်များမှ ဖြစ်ကာ မြန်မာနိုင်ငံ ကော့သောင်းမြို့မှ
ထိုင်းနိုင်ငံကို ဖြတ်၍ မလေးရှားနိုင်ငံသို့ တရားမ၀င် သွားရောက်စဉ် လွန်ခဲ့သော
ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သူ လူ့အခွင့်အရေး
ပညာရေးဌာနမှ ကိုထွန်း ထွန်းနိုင်က ယခုလို ပြောသည်။
“အားလုံးက ၄၁ယောက်။ ကလေး ၇ ယောက်မပါဘူးနော်။ ကလေးက နှစ်နှစ်နဲ့ လေးနှစ်အတွင်းက
၆ ယောက်လောက်ပါတယ်။ အမျိုးသမီးက ၁၃ယောက်။ ၁၃ယောက်မှ ၁၉နှစ်ကနေ ၃၃နှစ်အတွင်း၊ အ
မျိုးသားက ၁၂နှစ်ကနေ ၄၀အတွင်း ၁၈ယောက်ပါတယ်။ ၁၂နှစ်တယောက်၊ ၁၄နှစ်တယောက် ကျန်တာ
၁၇နှစ်အထက် သူတို့က မလေးရှားကို သွားမှာ။ ကိုလပ်ဘူရီမြို့အထွက် Queen View Res
ort ရှေ့မှာ သူတို့ဖမ်းခံရတာ။”
ဖမ်းဆီးခံရသူများတွင် အသက်နှစ်နှစ်အရွယ် နှင့် အသက်လေးနှစ် အရွယ်ကလေး၏
မိခင်တဦးပါ ပါဝင်ကြောင်း ကိုထွန်းထွန်းနိုင်က ယခုလို ဆက်လက်ပြောသည်။
“အဲဒီထဲမှာ ကလေးနှစ်ယောက်အမေပါ ပါလာတယ်။ ကလေးနှစ်ယောက်အမေက ကလေးတွေပါ ပါ
လာတယ်လေ။ ကလေးအမေက ဘာပြောလဲဆို သူကတော့ သူယောက်ျားနဲ့ ကွဲသွားတယ်ပေါ့နော်။
ကွဲသွားတဲ့နောက်မှာ ဗမာပြည်ထဲမှာ ဘာမှ လုပ်စားကိုင်စားလို့ မရဘူးလေ။
ဒီဖက်ထွက်လာတယ်။ ကလေးတွေပါ ပါလာတယ်။ ကလေးတယောက်က နှစ်နှစ်၊ တယောက်က လေးနှစ်။
သူကဟားခါး ကပဲ။”
ကလေးငယ်များအပါအ၀င် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၈ ယောက်ပါဝင်ပြီးယခုအခါ
၎င်းတို့ကို ဖန်ငခရိုင် လူဝင်မှု ကြီးကြပ်ရေးအချုပ်တွင် ချုပ်နှောင်ထားသည်။
ဖမ်းဆီးခံရသူများက ၄င်းတို့ဒေသတွင် စစ်တပ်က အဓမ္မလမ်းဖောက်ခိုင်းခြင်း၊ အခမဲ့
လက်ဖက်ခင်းများ စိုက်ပျိုး ခိုင်းခြင်းနှင့် စစ်ကြောင်းများတွင် ပေါ်တာအဖြစ်
စေခိုင်းခြင်းများကြောင့် မိမိတို့ ကိုယ်ပိုင်အလုပ်ကို မလုပ်ကိုင်နိုင် ၍
မလေးရှားနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ကြောင်းနှင့် မလေးရှားသို့သွားရန်
ပွဲစားကို တဦးလျှင် ကျပ်ငွေ ၈သိန်း ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူတဦးက ပြောသည်။
ဖမ်းဆီးစဉ် ကားသုံးစင်းအနက် တစင်း လွတ်မြောက်သွားကာ ယင်းကားပေါ်တွင်
လိုက်ပါသွားသော လူ ၂၀ ခန့် မှာ လွတ်မြောက်သွားသည်ဟု သိရသည်။
မလေးရှားနိုင်ငံတွင် ချင်းလူမျိုး၂သောင်းကျော်ခန့် ရောက်ရှိနေထိုင်နေသည်ဟု
မလေးရှားအခြေစိုက် ချင်းဒုက္ခ သည် ရေးရာကော်မတီမှ ခန့်မှန်းထားသည်။
|