ကေအဲန်ယူနှင့် ဒီကေဘီအေ တိုက်ပွဲဖြစ် ၂ ဦးသေဆုံး

ခွန်အောင်မြတ်။
အောက်တိုဘာ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်။  

ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်ဖွဲ့နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီ အေ) တို့ ယနေ့နံနက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဖက်မှ နှစ်ဦး သေဆုံးခဲ့ပြီး ကေအဲန်ယူ တပ်သားတဦး အဖမ်းခံခဲ့ရသည်ဟု ကေအဲန်ယူက ပြောသည်။

(KNU) လက်အောက်ခံတပ် တပ်မဟာ ၆ တပ်ရင်း ၂၀၁ နှင့် (DKBA) တပ်ရင်း ၉၀၇ အကြား တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ KNU တပ်စခန်းကို DKBA က ယနေ့ နံနက် ၆ နာရီ အချိန်တွင် စတင် ၀င်ရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်ရင်း ၂၀၁ ၏ ဒု-တပ်ရင်းမှူး က ပြောသည်။

“မနက်ခြောက်နာရီ အချိန်မှာ DKBA က ဖောဖိုးခီးရွာကို ၀င်ပစ်တယ်။ ၀င်ပစ်တော့ ကျနော် တို့ KNU ဘက်က နည်းနည်းခုခံတယ်ပေါ့နော်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်တဲ့ တူတယ်။ ကျနော်တို့ထဲမှာ တော့ တယောက် ဈေးဝယ်ရင်းနဲ့ ဖမ်းခံထိသွားတယ်။ အဖမ်းခံရတယ် တယောက် စောမူခီး လို့ခေါ် တယ်။ ”

ထိုသို့ဖြစ်ပြီးနောက်ပိုင်း နံနက် ၁၀ နာရီတွင် KNU က DKBA တပ်ရင်း ၉၀၇ ရှိ တာပလားသို တပ်စခန်းကို ပြန် လည် တိုက်ခိုက်ခဲ့သည်ဟု ၎င်းကပင် ဆက်ပြောသည်။

“တဆက်ထဲမှာပဲ ဒီရက် ဆယ်နာရီအချိန်မှာပေါ့နော် ကျနော်တို့ KNLA ဘက်က ပလားသို ကို စနက် ပါနဲ့ ၀င်ပစ်တာ နှစ်ယောက်ထိသွားတယ်။ အခုမနက်ပဲ ခြောက်နာရီက ဖောဖိုးခီးမှာ ၁၀ နာရီ ဒီ ပလားသိုမှာ။ ကျနော်တို့ကနေပဲ စနိုက်ပါနဲ့ပဲ ပစ်တာပေါ့။ ”

ယနေ့တိုက်ပွဲသည် တနင်္ဂနွေနေ့က ကေအဲန်ယူ တပ်မဟာ ၆ ရှိ ဗိုလ်မှူးကြီး နယ်ဒါးမြ၏ နေအိမ်ကို မီးရှို့ပြီး မြေမြုပ်မိုင်းများ ထောင်ထားခဲ့ပြီး နောက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၂၀၁ ဒု-တပ်ရင်းမှူးက ပြော သည်။

“နယ်ဒါးမြ အိမ်ကို မီးရှို့သွားပြီး မိုင်း ၆ လုံး ထောင်ထားခဲ့တယ်။ လေးလုံးရှင်းနေပြီးပြီခင်ဗျ။ လေးလုံး ရှင်းရတယ်။ နှစ်လုံးကတော့ အရပ်သားတယောက်ရယ်၊ ထိုင်းစစ်သားတယောက် နင်းမိတယ်။ ဘယ် နှစ်လုံးကျန်သေးတယ်လို့တော့ မသိရဘူး။ ဘယ်သူ့မှသွားပြီး အဲဒီနား တ၀ှိုက်ကို သွားပြီး မကပ်ရဲကြ ဘူးပေါ့။”

နေအိမ်မီးလောင်သွားသော်လည်း တစုံတယောက်မျှ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ယင်းဒေသတွင် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ တိုးချဲ့ ချထားသည်ဟု ထိုင်းအာဏာပိုင်နှင့် နီးစပ်သူ က ပြောသည်။

KNU အား ထပ်မံ ထိုးစစ်ဆင်ရန် မြန်မာစစ်တပ်နှင့် DKBA တို့ ပူးပေါင်းပြီး တပ်အင်အား များထပ်မံ တိုးချဲ့ထား သဖြင့် KNU ဘက်မှလည်း အဆင့်သင့် အနေအထား ပြင်ဆင်ထားသည်ဟု ပြောသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။