|
ကျောက်မျက်ပြပွဲ ကုန်သည်နည်းပါး
သတင်းနှင့်မီဒီယာကွန်ယက်။
ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၀၈ ခုနှစ်။
ယမန်နေ့က စတင်သည့် မြန်မာ့စီးပွားရေး
ဦးပိုင်လီမိတက်၏ ကျောက်မျက်နှင့် ကျောက်စိမ်း ရောင်းချပွဲသို့ ပြည် တွင်း၊
ပြည်ပမှ ကုန်သည်များ လာရောက်မှုနည်းပါးသလို ပြသသည့် ကျောက်မျက်နှင့်
ကျောက်စိမ်းအတွဲများ သိသိသာသာကျဆင်းသွားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့်
ကျောက်မျက်ပြပွဲတွင် ပြည်ပရတနာကုန်သည် (၂၀၀၀)ကျော် တက်ရောက်ခဲ့ပြီး
ကျောက်မျက်အတွဲ(၃၅၀၀)ကျော် ရောင်းချခဲ့သော်လည်း ယခုပြပွဲတွင် ပြည်တွင်း၊ ပြည်ပ
မှရတနာကုန်သည် စုစုပေါင်းမှာ ခြောက်ရာကျော်သာလာရောက်ပြီး ကျောက်မျက်၊
ကျောက်စိမ်းအတွဲမှာလည်း (၁၆၀၀)သာ ရှိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင်
ဖေါ်ပြထားသည်။
အမေရိကန်အခြေစိုက်
Human Right Watch
အဖွဲ့ကြီးကလည်း မြန်မာ ကျောက်မျက် ပြပွဲသို့
ပြည်ပရတနာ ကုန်သည်များ မတက်ရောက်ရန် လှုံ့ဆော်ထားသည်။
ယခုပြပွဲကျင်းပချိန်မှာလည်း
တရုတ်နှစ်သစ်ကူးနှင့် နီးကပ်နေခြင်းက ကုန်သည် အရေအတွက် နည်းပါးစေသော အကြောင်း
တခုဖြစ်သည်ဟု ကျောက်လုပ်ငန်းရှင်တဦးက သုံးသပ်သည်။
“နိုင်ငံခြားဝယ်လက်တွေကလည်း တရုတ်တွေက အဓိကလေ။
နှစ်သစ်ကူးချိန်ရောက်ခါနီးမို့လို့ နည်း သွားတာဖြစ်မှာပေါ့။
ပြည်တွင်းဝယ်လက်တွေကလည်း ဒီလိုရှိတယ်။ ပြီးခဲ့တဲ့ အခေါက် နိုဝင်ဘာလ တုန်းက
သူတို့ ၀ယ်ထားတဲ့ကျောက်တွေကလည်း ငွေကတော့ချေပြီးပြီ ၊ကျောက်တွေကို ထုတ်ယူခွင့်
မပေးသေးဘူး၊ ဒါကြောင့်မို့ ငွေအရင်းအနှီးကလည်း အဲဒီမှာပုံ။ တဆက်တစပ်တည်းဘဲ
နှစ်သစ်ကူး ကလည်း ရောက်နေပြီဆိုတော့ ဈေးကွက် ကလည်းနည်း၊ သွားဝယ်ပြီးပြီဆိုလည်း
ဈေးကွက်က ပိတ် နေပြီလေ။ ဒါကြောင့်မို့လို့ အရင်းအနှီးတွေကလည်း
ပြီးတဲ့အခေါက်ကျောက်တွေက ယူခွင့်မရတော့ အဲဒီမှာ မြုပ်နေတယ်။ ဒါကြောင့်
ဒီအကြောင်းရင်းနှစ်မျိုးကြောင့် ဖြစ်လိမ့်မယ်။ ”
မြန်မာစီးပွားရေးဦးပိုင်လိမိတက်မှ ပြုလုပ်သည့်
ကျောက်မျက်ပြပွဲများတွင် ကျောက်များကို ဈေးပေးပြီ ဆိုပါက ကျောက်ကို ၀ယ်ယူရပြီး
သတ္ထုတွင်းဝန်ကြီးဌာနလက်အောက်ခံ မြန်မာကျောက်မျက် စီးပွားရေး လုပ်ငန်း၏ ပြပွဲ
များတွင်မူ ကျောက်များကို ဈေးပေးပြီး မယူဘဲ ထားသဖြင့် ရောင်းသူနှင့်
ဝယ်သူအကြား ပြဿနာများ မကြာခဏ ပေါ်ပေါက်တတ်သည်ဟု ကျောက်ကုန်သည်တဦးက ပြောသည်။
ယခုပြပွဲမှစ၍ ဈေးပေးပြီး ကျောက်မယူဘဲထားသည့်
ပြဿနာများမဖြစ်စေရန် ကျောက်မျက်ပြပွဲ တက်ရောက် သည့် ကုမ္ပဏီများအနေဖြင့်
ယူရိုငွေ ငါးထောင်စီ အပ်နှံထားကြရသည်ဟု အဆိုပါ ကျောက်ကုန်သည်က ပြော သည်။
“ဦးပိုင်မှာက ကျောက်ကို မယူရင်မရဘူး။
မြန်မာ့ကျောက်မျက်ပွဲမှာတော့ ကျောက်ကို တရုတ်တွေ မယူဘူး။ အဲလိုလုပ်တာ ရှိတယ်။
အစိုးရပွဲမှာလေ၊ ဈေးပေးပြီးတော့ မယူဘူးကွာ၊ ပြစ်ထားတာတို့၊ ဘာတို့ပေါ့၊
ဒီအတိုင်းဘဲ ပြီးသွားတာ။ ဦးပိုင် ကတော့မရဘူး။ သူတို့ကတော့
နိုင်ငံအထိကိုလိုက်တာ။ အစိုးရဆီမှာ ရောင်းတာကျတော့ မယူရင်လည်း ဘာမှမဖြစ်ဘူး။
မယူဘဲနေတဲ့ဟာတွေ အများကြီး။ ပြီးခဲ့တဲ့အပတ်က အတွဲသုံးရာကျော် လေးရာနီးနီး
မယူတာ။ ဒို့တောင် တလော့မရဘူး။ ပိုက်ဆံမရ ဘူး။ လေးထောင်ကျော်၊ ယူရို
လေးထောင်ကျော် ပိုက်ဆံမရဘူး။ တရုတ်တွေ က လာမယူဘူး။ ဈေး ပေးပြီး မယူဘူးဆိုတော့
အဓိပ္ပါယ်မရှိဘူးလေ။ အဲဒီကိစ္စနဲ့ စကားများကြတယ်လေ။ ဒီတပတ် ကုမ္ပဏီ တဦးကို ယူရို
ငါးထောင်သွင်းရတယ်။ အာမခံကြေးပေါ့။ မယူဘူးဆိုရင် ဒဏ်ရိုက်တာတို့ ဘာတို့ အဲဒီ
ထဲက နေ လုပ်မှာပေါ့။ ”
ကျောက်မျက်ပြပွဲကို ယခုလ(၁၉)ရက်နေ့ထိ (၅)ရက်ကြာ
ကျင်းပသွားမည်ဖြစ်ကာ နအဖစစ်တပ်မှ အရာရှိကြီး များနှင့် စစ်မှုထမ်းဟောင်းများက
ပိုင်ဆိုင်သော မြန်မာစီးပွားရေးဦးပိုင်လီမိတက်က ကျင်းပခြင်းဖြစ်သည်။
|