ထိုင်းရောက် မြန်မာအလုပ်သမားက လေဘေးဒုက္ခသည်များအတွက် ဘတ်ငွေတသိန်းကျော်လှုမည်

 

သီတာထွန်း။

မေလ ၁၆ ရက်၊ ၂၀၀၈ ခုနှစ်။

 

မြန်မာပြည်တွင်းရှိ နာဂစ်မုန်တိုင်းဒဏ်ခံ လေဘေးဒုက္ခသည်များအတွက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများက ဦးဆောင်ပြီး အလှူငွေကောက်ခံရာ ဘတ်ငွေ တသိန်းကျော် ရရှိသည်။

 

အလှူငွေကောက်ခံမှုကို "မေတ္တာသဟာရအသင်း" ၊ လူ့အခွင့်အရေး ပညာပေးဌါန (မြန်မာနိုင်ငံ)၊ လူ့ ခွင့်အရေး ပညာပေးကော်မတီ နှင့် မက်ပ်ဖေါင်ဒေးရှင်း စသည့် လူမှုအဖွဲ့အစည်းဝင်များက စည်းရုံးလှုံ့ ဆော်ပြီး မြန်မာရွှ့ပြောင်းအလုပ်သမားများက ဦးဆောင်ကောက်ခံခဲ့သည်။

 

အလှူငွေကောက်ခရရှိမှုကို လူ့အခွင့်အရေး ပညာပေးဌါန ( မြန်မာနိုင်ငံ) မှ မစန္ဒာ က  "အခု လက်ရှိအထိ ဆိုရင် ကျွန်မတို့ ငါးရက်ရှိပြီပေါ့နော်၊ မနေ့ကထိ ကျွန်မတို့ စာရင်းပိတ်တာဆိုရင် တသိန်း နဲ့ နှစ် သောင်းလောက် ကျွန်မတို့ ရပါပြီ၊ "  ဟု ပြောသည်။

 

အချို့ မြန်မာပန်းရန်အလုပ်သမားများမှာ တရက်လုပ်ခ ဘတ် နှစ်ရာခန့်သာရသော်လည်း ငါးရာ၊ တစ်ထောင် စသည်ဖြင့် ထည့်ဝင်ကြသည်ဟု   ၄င်းကပြောသည်။

 

အလှူငွေကောက်ခံရာတွင် ဦးဆောင်ပါဝင်သူ  အလုပ်သမားတဦးကလည်း မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အလုပ်သမားများက  တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်းကူညီခြင်းဖြစ်ကြောင်း ပြောသည်။

 

"ဒီက အလုပ်သမားတွေက သူတို့လည်းတော်တော် စေတနာရှိကြသလို စိတ်မကောင်းမှုတွေလည်း ဖြစ်ကြတာပေါ့နော်၊ သူတို့တွေက တချို့အဖွဲ့အစည်းကနေပြီး သတင်းပေးတဲ့ ဥစ္စာကြားရ၊ သိရတော့ သူတို့စိတ်မကောင်းဖြစ်ပြီးတော့ တကြိမ်၊ နှစ်ကြိမ်ကောက်ရင်လည်း တကြိမ်၊ နှစ်ကြိမ် လှူမှာပဲလို့ သူတို့က အဲလိုမျိုး ပြောကြတယ်လေ"

 

ကောက်ခံရရှိသည့် အလှူငွေများကို လာမည့် တနင်္လာနေ့ နောက်ဆုံးထားပြီး ပြည်တွင်းသို့  ပို့ပေးမည် ဖြစ် သည်။

 

မြန်မာနိုင်ငံတွင် မေလ (၂)ရက်နေ့မှ စတင်တိုက်ခတ်ခဲ့သည့် နာဂစ်အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၃၁၉၃၀ သေဆုံးပြီး ၁၄၀၃ ဒဏ်ရာရကာ ၂၉၇၇၀ ပျောက်ဆုံးနေသည်ဟု မြန်မာအစိုးရက ထုတ်ပြန်ထားသည်။ မြစ်ဝကျွန်းပေါ်ဒေသရှိ အပျက်အစီးများကို သွားရောက် ကူညီကယ်ဆယ်ပေးနေသော နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က လူပေါင်း ၁၂၅၀၀၀ ခန့် သေဆုံးဖွယ်ရှိပြီး နောက်ထပ် လူ တသိန်းခန့် ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။