နယ်စပ်ဒေသတွင် A(H1N1) တုတ်ကွေးရောဂါ ကာကွယ်ရေး အသိပေး

နွယ်လေး။
ဇွန်လ ၁၆ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ထိုင်းတာဝန်ရှိများက A (H1N1) တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ရပ်ကွက်တွင်း သတိပေးနှိုးဆော်မှုများ ပြုလုပ်သည်ဟု သိရသည်။

မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းမှ ဒေါက်တာ သီဟမောင် က “ရပ်ကွက်ထဲမှာ လိုက်ပြီး ပြည်သူလူထုကို ထိုင်းဘာသာနဲ့အသိပေးတယ်။ ဘာပေးလဲဆို ၂၀၀၉ ခုနှစ်မှာပေါ်တဲ့ တုပ် ကွေးရောဂါ ပိုးသစ်ဖြစ်နေလို့ ပြည်သူလုထုတွေ တကိုယ်ရေ သန့်ရှင်းရေး ဘာကိုင်ကိုင် လက်ဆေး ဖို့၊ ရောဂါဖြစ်သူနဲ့ နီးနှီးကပ်ကပ်နေရင် သတိထားဖို့၊ တုပ်ကွေးဖြစ်တဲ့ လက္ခဏာတွေ့ရင် ကျန်းမာ ရေးဌာနကို အကြောင်းကြားဖို့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ရုံးလုပ်သားတွေ အိမ်မှာ အနားယူဖို့ ရပ်ကွက်တွေမှာ လိုက်အော် ပေးတယ်။” ဟုပြောသည်။

ယခင် နှစ်တွင်ဖြစ်ပွားသည့် ကြက်ဌက်တုပ်ကွေးသည် အဆင့် ၃ ကျော်ရုံ အထိဖြစ် သော်လည်း ယခု ဗိုင်းရပ်စ် ရောဂါပိုးသည် ကြက်ဌက်တုပ်ကွေး ရောဂါထက် မပြင်းထန် သော်လည်း ကူးစက်နှုန်းမြန်သဖြင့် အဆင့် ၄ ထိ စတင်ကြေငြာခဲ့ပြီ ယခု နောက်ဆုံး အဆင့် ၆ ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကကြေငြာ ခဲ့သည်။

A (H1N1) တုပ်ကွေးရောဂါကာကွယ်ရေးအတွက် မြန်မာရွေ့ပြောင်းအလုပ်သမား၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ကျောင်းများကို ပညာပေးဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားသည်ဟု ဒေါက်တာ သီဟမောင် က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်း တုပ်ကွေးရောဂါ ပညာပေးခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ဆန်ခပူရီခရိုင် အခြေ စိုက် မွန်ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူ ဆေးမှုး တစ်ဦးက ယခုလို ပြောသည်။

“ဘုရားသုံးဆူမြို့နယ်မှာရှိတဲ့ ကျေးရွာ (၁၄)  မှာ ကျမတို့ ပြီးတဲ့လမှာ စလုပ်တဲ့ချိန်က H1N1 က ကျမတို့ဆီ တကယ်ရောက်လာမယ်လို့ မထင်ထားဘူး။ ထိုင်းနိုင်ငံတောင် မရောက်သေးဘူးလေ။ လုပ်ရင်းကိုင်ရင်းနဲ့ပါလာတော့ ကျမတို့ H1N1 နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဘယ်လိုကူးစက်မယ် ဆိုတာမျိုးတော့ပြောတယ်။ ဘယ်လိုလုပ်ရင် ဘယ်လိုနေရင် အန္တရာယ် ကင်းတယ်ဆိုတာ အားလုံး တော့ပြောတယ်။ သူ့ကို အဓိကထားပြီးတော့ မပြောဘူး။ သူ့ကို တခုတည်းနဲ့ ထိန်ပြီး လုပ်တာမျိုး တော့ မလုပ်ဘူးပေါ့”

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် တာချီလိတ်နှင့် ကော့ကောင်းမြို့တွင်  လွန်ခဲ့သည့် နှစ်လခန့်မှ စပြီး ခရိုင် ကျန်းမာရေးဌာနမှ ဦးစီးကာ ဆေးဘက်ဆိုင်ရာ ဆရာဝန်များနှင့် ကြက်ခြေနီ လုပ်သားများက ပြည်တွင်းသို့ ဖြတ် ကျော် ၀င်ရောက်သည့် နိင်ငံခြားသားကို စမ်းသပ်စစ်ဆေးခြင်း မှတ်တမ်းဓါတ်ပုံ ရိုက်ယူခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ပြောသည်။

မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မဲဆောက်အခြေစိုက် နယ်လှည့် ကျောပိုးအိတ် ကျန်း မာရေးလုပ်သားများအဖွဲ့နှင့် မယ်တော်ဆေးခန်းတို့ ပူးပေါင်းပြီး ရွှေပြောင်း မြန်မာ အလုပ်သမားများအတွက် A (H1N1) တုပ်ကွေးရောဂါ လက်ကမ်း စာစောင်များနှင့် ကြိုတင်ကာကွယ်ရန် ပညာပေးဟောပြောပွဲကို မဲဆောက် တွင် ပြုလုပ်ခဲ့သည်။

ဘန်ကောက်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသား တစ်ဦးက “ဒီဘန်ကောက်က မူလ တန်းကျောင်း၊ အလယ်တန်းကျောင်းတို့မှာတော့ တချို့ဆို ကလေးတွေ မလွတ်ကြဘူး မိဘတွေက။ အားလုံးတော့ မဟုတ်ဘူး။ တချို့ကျောင်းတွေတော့ ပိတ်ထားတယ်။ ဆိုင်းဘုတ်တွေတော့ ကပ်ထား တာတော့ရှိတယ်။ နှာခေါင်းအုပ်တာနဲ့ အုပ်ဖို့အဲဒါမျိုးး” ဟု ပြောသည်။

ဘန်ကောက်ရှိ အထက်တန်းကျောင်း သား ၂ ယောက်A (H1N1)ဗိုင်းရပ်စ် လက္ခဏာရှိ သည်ဟု စစ်ဆေးသိရှိ သဖြင့် အချို့သော ကျောင်းမျာကို ယာယီပိတ်ထားပြီး ကျောင်းသန့် ရှင်းရေးများ လုပ်ဆောင်သည်ဟု ထိုင်းနိုင်ငံ အတွင်း သတင်းများတွင် ပါရှိသည်။

ချင်းမိုင်တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ A (H1N1) တုပ်ကွေးရောဂါ ကူးစက်သူ တစ်ဦးကို ယမန်နေ့တွင် တွေ့ရှိပြီး ယခု ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၅၀ ခန့်ရှိသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထားသည်။

A (H1N1) တုပ်ကွေးရောဂါသည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးဖြစ်ပွါးသည့် ကမ္ဘာကပ်ရောဂါဖြစ်ပြီး ယင်းရော ဂါကူးစက်ခံရသူဦးရေ ၃ သောင်းခန့်နှင့် သေဆုံးသူ ၁၆၀ကျော် ရှိပြီဟု WHO မှ ထုတ်ပြန်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။