ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်တွင် မြန်မာအလုပ်သမားများထပ်မံဖမ်းခံရ

ဇော်ကြီး။
ဇွန်လ ၁၆ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဖက် ဖုတ်ဖရမြို့နယ် အတွင်းရှိ ကျေးရွာများ၌ တရားမ၀င်မြန်မာ အလုပ် သမားများအား နယ်မြေခံထိုင်းအာဏာပိုင်များမှ ယမန်နေ့က ထပ်မံ ဖမ်းဆီးခဲ့သည်။

ဖုတ်ဖရမြို့နယ်အတွင်းရှိ ၃၅ ကီလိုမီတာတွင် အဖမ်းခံရသည့် တရားမ၀င်မြန်မာ အလုပ်သမား ၆၀ ခန့်ရှိသည် ဟု ဒေသခံရွာသားတဦးက ယခုလိုပြောသည်။

“၃၅ ကီလို တဂွင်လုံး ပြေးတဲ့သူလည်းပြေးကြတာပေါ့ ပါတဲ့သူလည်းပါတာပေါ့။ ကားသုံးစီး ပါသွား တယ်။ တစီးကို နှစ်ဆယ်လောက်ဆိုတော့ ၆၀ လောက်ပါသွားတယ်။”

ဖုတ်ဖရမြို့နယ်အတွင်း ၃၄ ကီလိုမီတာမှ ၄၄ ကီလိုမီတာ အတွင်းရှိ ကျေးရွာများမှ တရား မ၀င် မြန်မာအလုပ် သမားများအား ယမန်နေ့ နေ့လည်ပိုင်းအချိန်က ဖမ်းဆီးခဲ့သည်ဟု ၃၅ ကီလိုမီတာကျေးရွာရှိ ကျန်းမာရေး တာဝန်ခံ ဒေါ်အေးသန်းက ယခုလိုအတည်ပြု ပြောသည်။

“မနေ့ကဆိုရင် စအိုကနေ စဖမ်းပြီးတော့လေ ၃၄၊ ၃၅၊ ၃၉၊ ၄၂၊ ၄၄၊ တောက်လျှောက်ပဲ။ အဲဒီ အချိန်မှာ ကျမတို့တတွေက သင်တန်းမှာဖြစ်နေတော့လေ လယ်ထဲကသူတွေ ဖုန်းထိုး လာတာ ၁၂ နာရီထိုးလောက်ပေါ့။” 

၄၄ ကီလိုမီတာ၌လည်း ဖမ်းဆီးမှုများရှိပြီး ၁၅ ယောက်ခန့် အဖမ်းခံရသည်ဟု ကြားသိရပုံကို ဦးညိုမောင်က ယခုလိုပြောသည်။

“မနေ့က ကျနော်တို့ ၄၄ မှာတော့ အဲဒီ ထောင်းလောင်ရွှေကွင်းက ဈေးရောင်းတဲ့ မယုခိုင်တို့ ဘာတို့ တောင်ပါသွားတယ်ဗျ အဲဒီမှာ။ မနေ့ကအဲဒီမှာ နေ့ခင်း နှစ်နာရီလောက် ၀င်ဖမ်းတယ် လို့ပြောတယ်။ မနေ့ကညနေတော့ ကျနော်တို့ အဲဒီဖက်တော့နည်းနည်း လည့်ပတ်တော့ ကြည့်လာခဲ့တာပဲ။”

အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးမည့် သတင်းထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက ယခုလို သုံးသပ် ပြောဆိုသည်။

“အခုက လက်မှတ်အသစ်လည်း လုပ်ပေးမယ်ဆိုတာကို ပြောထားတဲ့အခါကျတော့ ဗမာပြည် ထဲကနေ ပြီးတော့ ၀င်လာမှာကိုလည်း သူတို့(ထိုင်းအာဏာပိုင်) စိုးရိမ်တာပေါ့။ ဒါကတပိုင်း။ နောက်တခုက အလုပ်ရှင်တွေကိုလည်းနည်းနည်း ဖိအားပေးတာပေါ့။ အလုပ်သမားတွေ အလုပ်ရှင်တွေကိုလည်း လက်မှတ်လုပ်အောင်လို့ဖိအားပေးတာပေါ့။ အဲဒီနှစ်ခုပေါ့။ ကျနော်တို့ က အဲလိုမြင်တယ်။”

ဖုဖရမြို့နယ်အတွင်းတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ သောင်းချီရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများကို လုပ် ကိုင်ကြကာ ယခုလဆန်းပိုင်းကလည်း ကလေးများအပါအ၀င် မြန်မာ အလုပ်သမား ၃၀၀ ခန့် အဖမ်းခံခဲ့ရသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။