|
အလုပ်ရှာပေးသည့် ကုမ္ပဏီ
တခုတွင် အလုပ်မရရှိသူ ရာနှင့်ချီ သောင်တင်
သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။
ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၀ ခုနှစ်။
နယ်စပ်မြို့ဖြစ်သည့်
မြ၀တီတွင် အလုပ်ရှာဖွေပေးမည့် ကုမ္ပဏီတခု၌ ထိုင်းနိုင်ငံအတွင်း အလုပ်
လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများ အလုပ်မရပဲ ရာနှင့်ချီ၍ သောင်တင်နေကြရသည်။
မြဝတီမြို့တွင်
ထိုင်းလူမျိုးတစ်ဦးက ကုမ္ပဏီတစ်ခုလာရောက်ဖွင့်လှစ်ပြီး အလုပ်အကိုင်
ရှာဖွေပေးမည်ဟု ဆိုကာ စာရင်းပေးသွင်းထားသော်လည်း ယနေ့အထိ အလုပ်မရသေးသည့်အတွက်
အခက်အခဲ ဖြစ်နေသည်ဟု ကိုမင်း က ယခုလို ပြောသည်။
"သုံးပတ်လောက်ပဲကြာမယ်ပြောပြီးတော့ အခုသုံးလကြာပြီဗျ။ ထမင်းပေးတယ်။ နေစရာတော့
ပေး ထားတာပေါ့။ ဒီလိုပဲ ဂိုဒေါင်ထဲမှာ။ သုံးလကြာပြီ အလုပ်ကဘာမှန်း မသိသေးဘူး။
မရေရာ သေးဘူး။"
အလုပ်မရသည့်စပ်ကြား
တစ်ရက်လျှင် ထမင်းနှစ်ကြိမ်ကျွေးကာ နေရာထိုင်ခင်း ပေးထားပြီး အလုပ်ရသည့်အခါ
၎င်းတို့၏လုပ်အားခထဲမှ အရစ်ကျစနစ်ဖြင့် ပြန်ဆပ်ရမည်ဟု ကိုမင်းက ဆက်ပြောသည်။
"ဈေးနှုန်းကိစ္စကတော့
များသောအားဖြင့် ဟိုမှာ တစ်သောင်းနှစ်ထောင်ဖြတ်မယ်။ အဲလိုမျိုး သတ်မှတ်
ထားတာများတယ်။ တလကို ဘတ် ၅၀၀၊ ဒါမှမဟုတ်ရင် ဘတ် ၁၀၀၀၊ လစဉ်ပုံမှန်
ဖြတ်သွားမှာ။"
ယင်းကုမ္ပဏီကို
မဲဆောက်မြို့ရှိ ထိုင်းသူဌေးတစ်ဦးမှ ဦးဆောင်၍ ပွဲစားများနှင့် ချိတ်ဆက်ကာ
လုပ်ကိုင်နေခြင်း ဖြစ်ပြီး အလုပ်လုပ်ချင်သူများက ကုမ္ပဏီနှင့် ဆက်သွယ်လိုပါက
ပွဲစားများထံ တယောက်လျှင် ထိုင်းဘတ်ငွေ အ နည်းဆုံး ၅၀၀ ပေးကြရသည်ဟု ဆိုသည်။
ထိုင်းအလုပ်ရှင်မှ
အလုပ်သမားလိုအပ်၍ လာရောက်ဆက်သွယ်လျှင် ပွဲစားများက ငွေကြေး ပိုပေးသည့်သူ
များကိုသာ ဦးစားပေးပြီး ခေါ်သည်ဟု ထိုနေရာတွင် ရောက်ရှိနေသူ ကိုထွန်းအောင်က
ယခုလိုပြောသည်။
"ပုံစံကတော့ ပွဲစားတွေနဲ့
နားလှည့်ပါးရိုက်ပြီး ထည့်ထည့်ပေးနေတာပဲ။ ပိုက်ဆံပေးပြီး တော့လေ။ ကျ နော်ကတော့
တယောက်ကို ဘတ် ၅၀၀၊ ဒါတောင်မှသိတဲ့လူမို့လို့၊ မဟုတ်ရင်တော့မလွယ်ဘူး။ မြန်
မာငွေကျပ် နှစ်သိန်း၊ သုံးသိန်းပေးရတာ။ ကျနော်ကတော့ မဲဆောက်ကနေပဲလာတာလေ။
လုပ်ရင် တော့ တပတ် နှစ်ပတ်ပဲ ကြာမယ်ပြောလို့ မဲဆောက်ကနေပဲလာပြီး လုပ်တာလေ။ အခု
သုံးလပြည့် တော့မယ်။"
ယင်းဂိုဒေါင်၌ အလုပ်ရရှိရန်
စောင့်ဆိုင်းနေသည့် အလုပ်သမား ၆၀၀ ကျော်ရှိပြီး ကျန်းမာရေး ချို့တဲ့ နေသူများ
လည်း ရှိသည်ဟု ၎င်းကဆက်ပြောသည်။
"ဒီမှာကတော့
ဂိုဒေါင်ကြီးပေါ့၊ မိန်းကလေးလဲ မိန်းကလေးဂိုဒေါင်ကြီးပေါ့။ အကုန်စုထားတာလေ။ အ
ယောက် ၃၀၀ ကျော်လောက်ရှိမယ်။ အောက်မှာကတော့ သမံတလင်းပေါ့။ သမံတလင်းမှာ မိုးကာ
ခင်းပြီးတော့ အိပ်ကြတာပေါ့။ ယောက်ျားလေးလဲ ဒီလိုပဲ၊ ၃၀၀ ကျော်လောက်ပေါ့။
ဒီလိုပဲ ဖင်တပြန်၊ ခေါင်းတပြန်နဲ့အိပ်ကြတာပဲလေ။ ဂိုဒေါင်နဲ့ပဲလေ။
ဖျားနာတဲ့လူတွေကလည်း အခုလည်း ဖျားနေကြ တာပဲ။"
မဲဆောက်၌ အလုပ်လုပ်ကိုင်နေသူ
အချို့ကလည်း ၎င်းတို့ အလုပ်မှထွက်၍ ယင်းကုမ္ပဏီထံ ဆက်သွယ်လာ ရောက်သူများလည်း
ရှိသည်ဟု ကိုထွန်းအောင်က ပြောသည်။
"သူတို့ပြောတာက တပတ်
နှစ်ပတ်ဆိုပြီးတော့ ချက်ချင်းရမယ့်ပုံစံနဲ့လုပ်တော့ တချို့က ဟိုကအလုပ် ကို
ဖြုတ်ပြီးတော့ ဒီမှာလာလုပ်တဲ့သူတွေ၊ မဲဆောက်က အထည်စက်ရုံမှာ လုပ်တဲ့ သူတွေကလည်း
ဒီမှာအလုပ် ချက်ချင်းရမယ်ဆိုတော့ ဟိုကနေထွက်ပြီး ဒီမှာလာလုပ်ကြတာပေါ့။
ဟိုမှာကလည်း အ လုပ်ပြုတ်သွားပြီ၊ ဒီမှာကလည်းမရနဲ့၊ ဟိုဖက်လည်းမသွားနိုင်၊
ဒီဖက်လည်းမပြန်နိုင် အဲလိုမျိုး ဖြစ်ကုန် တာ။"
ထိုင်းနိုင်ငံသို့
အလုပ်လုပ်ရန် ယင်းကုမ္ပဏီကို လာရောက်ဆက်သွယ်ကြသူ အများစုမှာ ပဲခူးတိုင်း၊
မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ ဖြစ်ကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံအစိုးရက
နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ ကို
ဖမ်း ဆီးပြန်ပို့ရန် စီမံကိန်းချထားသော်လည်း နယ်စပ်မြို့လမ်းကြောင်းများမှတဆင့်
နည်းလမ်း ပေါင်းစုံဖြင့် နေ့စဉ် ၀င်လာသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက
ပြောသည်။
|