|
မြန်မာ့အရေးလှုပ်ရှားသူများက
တရုတ်အစိုးရအား ပြစ်တင်ဝေဖန်
ဇော်ကြီး။
သြဂုတ်လ ၁၆ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများက
မြန်မာစစ်အစိုးရကိုမျက်နှာသာပေးဆက်ဆံနေသော တရုတ် အစိုးရ၏ လုပ်ရပ်အပေါ်
ပြစ်တင်ဝေဖန်လိုက်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်ချမှတ် လိုက်သည့်
အတွက် နိုင်ငံတကာ မှ မြန်မာစစ်အစိုးရအပေါ် ဖိအားပေးနေသည်ကို တရုတ်အစိုးရက
ဆန့်ကျင်နေသည့်အတွက် မြန်မာ့အရေး လှုပ်ရှားသူများက ရှုံ့ချကြောင်း ယနေ့
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေသူ ကိုမျိုးနိုင်
က ယခုလိုပြောသည်။
“ကျနော်တို့
ပြည်သူတွေရဲ့မျက်နှာကိုမကြည့်ပဲနဲ့ ဗိုလ်ချုပ်တွေရဲ့မျက်နှာကိုပဲ ကြည့်တဲ့အတွက်
ဝမ်းနည်း ပါတယ်။ ဒီ့အတွက်လည်း ရှုံ့ချပါတယ်လို့ ပြောလိုက်တယ်။”
ဆန္ဒပြသူများက
တရုတ်သံရုံးသို့ တောင်းဆိုချက်တစောင်ပေးပို့ခဲ့ပြီး အဆိုပါတောင်းဆို
ချက်နှင့်ပတ်သက်၍ ဦး ဆောင်ပါဝင်သူတဦးဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
ထိုင်းဌာနခွဲမှ ခိုင်အံ့မောင်က “ကျနော်တို့နိုင်ငံအပေါ်မှာ ဒီ
လိုဝင်ရောက်စွက်ဖက်နေတဲ့ကိစ္စတွေ စစ်အစိုးရ အာဏာသက်တမ်း ရှည်အောင်လုပ်နေတဲ့
ကိစ္စတွေကို ရပ်တန်းကရပ်ဖို့ရယ်၊ နောက်ပြီးတော့ ကျနော်တို့ မြန်မာပြည်သားတွေ
ဆင်းရဲဒုက္ခရောက်နေတဲ့ ကိစ္စ တွေကို ငဲ့ညာပြီးတော့ ဒီမိုကရေစီလိုလားတဲ့
အတိုက်အခံတွေနဲ့ ပါဝင်ပူးပေါင်းပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို
ရောက်လာအောင် လုပ်ပေးဖို့ တောင်းဆိုတာပါ။” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား
ချွင်းချက်မရှိလွတ်ပေးရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခွင့်ပြုရန် တို့ကို လည်း တောင်းဆိုချက်၌
ထည့်သွင်းရေးသားထားသည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါတောင်းဆိုချက်ကို လက်ခံသူ တရုတ်သံရုံးမှအရာရှိ မစ္စတာယူဝင်း က
တရုတ်အစိုးရဟာ ဗမာပြည်က ဗိုလ်ချုပ်တွေမျက်နှာကို မကြည့်ပါဘူး ဗမာပြည်သူပြည်သား
တွေ ကိုကြည့်ပါတယ်၊ သူတို့ဟာ အမြဲတန်း ဗမာ ပြည်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံ
နေမှာပါဆိုပြီး ဆန္ဒပြသူများကို ပြောခဲ့ကြောင်း ကိုမျိုးနိုင်က ပြောပါသည်။
မြန်မာ့အရေးလှုပ်ရှားသူများပေးပို့သည့် တောင်းဆိုချက်အား တရုတ်ဝန်ကြီးချုပ်ထံ
ပေးပို့တင်ပြမည်ဟု သံရုံး အ ရာရှိမှပြောကြောင်း သိရသည်။
ဆန္ဒပြပွဲအား
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိုင်းနိုင်ငံ (ALD)၊ ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအသင်း (BAT)၊
ပြည်ပရောက်မြန်မာနိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့(APEP)တို့မှဦးဆောင်ခဲ့ပြီး
မြန်မာအလုပ် သမားများအပါဝင် စုစုပေါင်း အင်အား ၁၀၀ ခန့်ရှိကြောင်း သိရသည်။
|