အင်းစိန်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမားများဆန္ဒပြ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၁၀ ခုနှစ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖန်ချက်လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမား တစ်ရာ ကျော်က ၎င်းတို့၏ အခွင့်အရေးများရရှိရန် ဆန္ဒပြတောင်းဆိုနေသည်။ 

စက်ရုံအလုပ်သမားများဆုံးရှုံးနေသည့် အခွင့်အရေးများရရှိရန် ယမန်နေ့ညနေလေးနာရီမှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆို နေခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ယခုလို ပြောသည်။  

“ စက်ရုံထဲမှာ အလုပ်မလုပ်တော့ပဲနဲ့ ဒီသူတို့ ရပိုင်ခွင့်ပေါ့နော်၊ ကျနော်တို့သိထားတဲ့ဟာက တော့ အ ချက်သုံးချက်ပေါ့နော်။ အချက်သုံးချက်မှာက အများပြည်သူရုံးပိတ်ရက်မှာ သူတို့ကိုပိတ်ပေးဖို့ရယ်၊ နောက်ပြီးတော့ လက်ရှိအိုတီကြေးပေါ့နော်၊ တစ်ရာကနေ နှစ်ရာ တိုးပေးဖို့ရယ်၊ နောက် အခြေခံလစာ တိုးပေးဖို့ပေါ့နော်။”

ယခုသတင်းရယူချိန်အထိ အလုပ်သမားရှစ်ဆယ်ခန့်က ဆက်လက်ဆန္ဒပြနေကြပြီး စက်ရုံအပြင်ဖက်တွင် အာ ဏာပိုင်အဖွဲ့အစည်းများမှ လာရောက်စောင့်ကြည့်နေသည်ဟု ဆက်ပြောသည်။

“ဒီနေ့မှာလည်းဆက်ပြီးတော့ သူကလူအင်အား ရှစ်ဆယ်လောက်ရှိတယ်။ အခုစက်ရုံဝင်းထဲမှာ လက်ရှိ ဖြစ်နေတာပေါ့နော်၊ သူတို့ အလုပ်မလုပ်ပဲနဲ့ ဒီမှာအဲလိုမျိုး ဆန္ဒပြတဲ့သဘောပေါ့။ ဒီအပြင်ဖက်မှာတော့ သူတို့၊  လုံထိန်းကား ဆယ်စီးပေါ့နော်၊ လုံထိန်းကားဆယ်စီးရယ်၊ မီးသတ်ကားတစ်စီးရယ်၊ အချုပ် ကားတစ်စီးရယ်၊ သူတို့ဒါ လုံခြုံရေးယူထားတယ်ပေါ့နော်။ အာဏာပိုင်တွေဖက်ကတော့။

လက်ရှိအခြေအနေအရ အာဏာပိုင်များက စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများကြား ၀င်ရောက်ညှိနိုင်း ပေးသည့် သဘောတွေ့ရသည်ဟု ၎င်းကခန့်မှန်းပြောဆိုသည်။

“ရဲကားအသေးလေးတစ်စီးက ရှေ့ကပါတယ်ဆိုတော့ အဲဒီကားတွေနဲ့ ၀င်ဝက်ပြီး အာဏာပိုင်ဖက် က လည်း အဲလိုခေါ်ပြီးညှိနေတဲ့ သဘောနဲ့ တူတယ်။”

လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်နေ့က လှိုင်သာယာစက်မှုဇုံအတွင်းရှိ အိုပယ် ၂ နှင့် မြဖက်ရှင် စက်ရုံတို့ရှိ အ လုပ်သမားတစ်ထောင်ကျော်က လုပ်ခလစာတိုးမြှင့်ရေးအတွက် ဆန္ဒပြခဲ့သည်။

၂၀၀၉ ခုနှစ်ကုန်ပိုင်းမှစတင်၍ မြန်မာပြည်တွင်းရှိ စက်ရုံအလုပ်ရုံများတွင် လစာတိုးမြှင့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေးရရှိရေးတို့အတွက် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။