ကော့သောင်း မီးလောင် အိမ်ထောင်စု ၁၃ စု အိုးအိမ်မဲ့

သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
မေလ ၁၇ ရက်၊ ၂၀၁၀ ခုနှစ်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် မီးလောင်မှုကြောင့် ဒေသခံအိမ်ထောင်စု ၁၃ စု အိုး အိမ်မဲ့ ဖြစ်ခဲ့သည်။

အောင်သုခရပ်ကွက်၊ နှင်းဆီလမ်းတွင် ယမန်နေ့ညနေ ၄ နာရီခန့်က မီးလောင်မတခုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၅၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

အောင်သုခ ရပ်ကွက်၊ နှင်းဆီလမ်းမှာလေ။ အိမ်က ၅ လုံး ပါသွားတယ်။ အိမ်ထောင်စုက ၁၃ စု၊ လူ ဦးရေက ၅၅ ယောက်။ အဲ့ဒါကို အောင်သုခရပ်ကွက်က မူလတန်းကျောင်းမှာ လောလောဆယ် ထား ထားတယ်လေ။ စေတနာရှင်တွေက လာလှူပေးနေကြတာပေါ့။

ရပ်ကွက်အတွင်းနေထိုင်သူများက မီးလောင်သည့်နေရာ တ၀ိုက်တွင် အမှိုက်များ စွန့်ပစ်လေ့ရှိပြီး  ထိုအမှိုက်များ မီးရှို့ရာမှ မီးလောင်ခြင်းဖြစ်နိုင်သည်ဟု   ၎င်းက ဆက်ပြောသည်။

အဲ့ဒီအိမ်ရဲ့နောက်မှာ တောကြီးကို၊ အမှိုက်တွေ ဘာတွေ မီးရှို့ရာကနေလောင်တာ။ အဲ့ဒီနောက်မှာက တောဆိုတော့ မီး ဟိုလူကရှို့၊ ဒီလူကရှို့ ရှို့နေကြတာလေ။ အဲဒီကနေ ကူးတယ်လို့ပဲ သတ်မှတ်တယ်

ယင်းရပ်ကွက်တွင် လူနေအိမ်ခြေထူထပ်ပြီး မီးလောင်နေချိန် ရပ်ကွက်လူထုမှ ၀ိုင်းဝန်း ငြိမ်းသတ်နိုင်သဖြင့် အ ခြေအနေမဆိုးဝါးခဲ့ခြင်းဖြစ်ကြောင်း အခြားဒေသခံတဦးက ယခုလို ပြောသည်။

အိမ်ကသိပ်တယ်၊ အိမ်လေးတွေက သိပ်သိပ်လေးတွေ အများကြီးပဲ၊  အိမ်လေးတွေက သိပ်နေတာ လေ။ ဒါပေမယ့် လူနိုင်သွားလို့ပေါ့၊ လူမနိုင်ရင် အကုန်ကုန်ပဲ၊ အိမ်တွေက ပြွတ်ပြွတ်သိပ်သိပ်လေး တွေ အများကြီးပဲ။

မီးဘေးကြောင့် ဒုက္ခသည်များအား ဒေသခံအာဏာပိုင်တို့က လာရောက်ကြည့်ရှုခြင်းမရှိဘဲ ဒေသခံအချင်းချင်း ကူညီပေးနေသည်ဟု ၎င်းက ပြောသည်။

အခုတော့ မူလတန်းကျောင်းမှာထားပြီးတော့ ဝိုင်းပြီးတော့ ဒီလိုပဲ ထောက်ပံ့ပြုစု နေကြတယ်ပေါ့။ အ ဝတ်အစား အစားအသောက် ဆေးဝါးပေါ့။ ဒီလိုပေါ့ဝိုင်းလှူနေကြတယ် ပေါ့။

မီးလောင်ကျွမ်းချိန် တနာရီခန့်ကြာသော်လည်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများမရှိ ဟု ဒေသခံများကပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။