ကယ်ဆယ်ရေးတပ်များ ၀င်ရန်နှင့် နအဖကို နိုင်ငံတကာတရားရုံးတင်ရန် လွတ်တော်ကိုယ်စားလှယ်များတိုက်တွန်း

ခွန်အောင်မြတ်။
ဇွန်လ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာစစ်အစိုးရ လက်ရှိလုပ်ရပ်များသည် လူအစုလိုက်အပြုံလိုက် သတ်နေသည့် အခြေအနေနှင့် လူသားချင်း ညှာတာထောက်ထားမှုမရှိဘဲ ပြစ်မှုကျူးလွန်နေသည့် အခြေအနေများဖြစ်နေသဖြင့်  နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့များ အမြန်ဆုံး ၀င်ရောက်ရန် နှင့် ကုလသမဂ္ဂအနေဖြင့် နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန် ပြည်ပရောက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းလိုက်သည်။

တိုက်တွန်းပန်ကြားလွှ့ာကို ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက ၄င်းတို့ကိုယ်စား လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားသည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ က ထုတ်ပြန်ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများသည် အကူအညီများ ထိထိရောက်ရောက် မရရှိဘဲ အစားအသောက်၊ ခိုလှုံရာ နေရာမဲ့သည့် အခြေအနေဆိုးများအပြင် ကူးစက်ရောဂါများ ဖြစ်ပွားပြီး တပ်မံသေကြေကြရမည့် အန္တရာယ် ဆိုးများနှင့် တွေ့ကြုံရင်ဆိုင်နေကြရသည်ဟု ၄င်းတို့ ထုတ်ပြန်သည့်စာတွင် ပါဝင်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ အား ၀င်ရောက်ခွင့်ပြုရန် ကြားဝင်တိုက်တွန်းခဲ့သော်လည်း တလကျော်ကြာလာသည့်တိုင် လေဘေးဒုက္ခသည် များအတွက် ထိရောက်သည့် ကူညီမှုများ မရရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သထုံမဲဆန္ဒနယ်မြေ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောသည်။

"ဒီကိစ္စရပ်တွေနဲ့ပတ်သက်ရင် နအဖက အချုပ်အခြာအာဏာကို လွဲလွဲမှားမှားကျင့်သုံးပြီးတော့မှ နိုင်ငံ တကာကို သူက ရင်ဆိုင်နေတာ။ အချုပ်အခြာအာဏာပိုင်တာသူပဲ၊ အဲဒါကြောင့်မို့လို့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူက မ၀င်နဲ့ မ၀င်နဲ့ဆို ပြောနေတာ။ ဒီနေ့ တိုင်းပြည်ရဲ့အခြေအနေမှန်တွေကို ကျနော် တို့ ပြောပြပြီးတော့မှ အချုပ်အခြာအာဏာပိုင်တာ လူထုဖြစ်တယ်။ အဲဒါကြောင့် လူထုကနေ တာဝန် ပေးထားတယ် ကျနော်တို့ကို။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အချုပ်အခြာအာဏာ နဲ့ပတ်သက် ပြီးတော့ တောင်းဆိုပိုင် ခွင့်ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ လူထုကပေးထားတဲ့ လုပ်ပိုင်ခွင့်အရ ကျနော်တို့သည် နိုင်ငံတကာတပ်ဖွဲ့ကနေပြီးတော့မှ နအဖ ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ အင်အား သုံးပြီးတော့မှ အလျှင်အမြန် ၀င်ရောက်ကယ်တင်ပေးပါလို့ ကျနော်တို့ ပြောတဲ့အပိုင်းဖြစ် ပါတယ်။"

နာဂစ်မုန်တိုင်း တိုက်ခတ်လာမည့် သတင်းပေးပို့ချက်ကို အိမ်နီးချင်းနိုင်ငံမှ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနများက အချိန်မီ သတင်းပေးပို့သော်လည်း မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲ ပျက်ပြားမည်စိုးသည့် တွက် မုန်တိုင်းသတင်းကို မှားယွင်းစွာထုတ်ပြန်ခဲ့ သည့်အပေါ် လူအစုလိုက်၊ အပြုံလိုက်သေကြေခဲ့ရသဖြင့် မြန်မာစစ်အစိုးရတွင် တာဝန်ရှိကြောင်း၊ မုန်းတိုင်းဒဏ်ခံခဲ့ရပြီး အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ပြည်သူလူထု သည် အစားအစာ ရိက္ခာမရှိသည့်အပြင် မြန်မာစစ်အစိုးရက နည်းအမျိုးမျိုးဖြင့် ဖြတ်တောက်ထားသဖြင့် အငတ်ဘေး၊ ကူးစက်မှုဘေးများ ကြုံရကာ သေဘေးနှင့် ကြုံတွေ့ရသဖြင့် မြန်မာစစ်အစိုးရက တာဝန်ရှိကြောင်း ဦးခွန်မြင့်ထွန်းက ထောက်ပြသည်။

မေလ ၂ ရက်နေ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်းမှတဆင့် ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင် ကလုန်းမုန်တိုင်းကြောင့် လူ တစ်သိန်းခွဲခန့် သေဆုံးပြီး၊ ၂.၅ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။