ကရင်ဒုက္ခသည်ကလေးများကို စိတ်ဓာတ်ရေးရာ ထိုင်းအဲန်ဂျီအို အားပေးနှစ်သိမ့်

နွယ်လေး။
ဇွန်လ ၁၇ ရက်၊ ၂၀၀၉ ခုနှစ်။

ယခု လဆန်းပိုင်းမှစ၍ ဖြစ်ပွားနေသည့် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလုံကြသည့် ကရင်ဒုက္ခသည်ထဲမှ ကလေးငယ်များကို စိတ်ဓာတ်ရေးရာ အားပေးနှစ်သိမ့်သည့်အနေဖြင့် ချင်းမိုင်ရှိ ထိုင်း အဲန်ဂျီအို အဖွဲ့များက ပို့စကဒ်ပုံများကို ပေးပို့ကြသည်။

ဇွန်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပနေသည့် အဆိုးများကို ရင်ဆိုင်ကျော်ဖြတ်ခြင်း ပွဲတော်တွင် တက် ရောက်လာသူများ ပြုလုပ်သည့် ပို့စကဒ်များကို စုဆောင်းပြီး ဒုက္ခသည် ကလေးငယ်များထံ ပေးပို့မည်ဟု ပွဲဖြစ် မြောက်ရေး တာဝန်ခံ ဖီးဖိမ်းက ပြောသည်။

“ဒီပွဲမှာ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည် ကလေးငယ်ကို အားပေးနှစ် သိမ့်မှုပေးနိုင်မယ့် ပိုစ်စကဒ်လေးတွေကို ပွဲလာသူတွေက ရေးဆွဲပေးကြပြီး ကလေးတွေဆီ ပို့ပေးပြီးပြီ တခေါက်။”

ယခုလဆန်းမှစ၍ မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီကေ ပူးပေါင်းတပ်ဖွဲ့တို့ ကေအဲန်ယူ ကို ထိုးစစ်ဆင် တိုက် ခိုက်မှုကြောင့် ထွက်ပြေးလာခဲ့သည့် ကရင်စစ်ပြေးဒုက္ခသည်ထဲမှ ကရင်ကလေးငယ်များ စိတ်ဓါတ်ရေးရာ အား ပေးနှစ်သိမ့်မှုပေးရန်အတွက် ရည်စူးပြီး ပိုစ့်စကဒ်ငယ်များကို ရေးဆွဲပေးခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“လာမယ့် ၂၀ရက်နေ့မှာလည်း ကျမတို့ပွဲတော်ကို လာရောက်တဲ့ ထိုင်း၊ မြန်မာ အပြင် နိုင်ငံခြားသား ဘယ်သူမဆို ဒုက္ခသည်တွေကို အားပေးနှစ်သိမ့်တဲ့ ကိုယ့်ရဲ့ ခံစားချက်ကို အ၀တ်စအကြီးကြီးမှာ ၀င် ရောက်ရေးသားနိုင်ပြီး အဲဒါကိုလည်း ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းကို ပေးပို့သွားမယ်။ ဒီက နေ ကျမတို့ သူတို့ကို အားပေး နှစ်သိမ့် ပြီး စိတ်ဓါတ်အင်အားတွေနဲ့ ကူညီနေတယ်ဆိုတာ သူတို့ လေးတွေကို အသိပေးနေတာပါ”

ပွဲတော်သို့ လာရောက်အားပေးသူများက  စစ်ပြေးဒုက္ခသည် ကရင်ကလေးငယ်များ အတွက် စိတ်အားထက် သန်စွာဖြင့် ငွေကြေးထောက်ပံ့ကူညီပေးသည့်အပြင် ၎င်းတို့ရေးဆွဲထားသည့် ပိုစ့်စကဒ်များကိုလည်း စုဆောင်း ပြီး ထပ်မံပေးပို့ဦးမည်ဟု သိရသည်။

ချင်းမိုင်တက္ကသိုလ် (Art Center’s auditorium) တွင် ထိုင်းအစိုးရအဖွဲ့အစည်း မဟုတ်သည့် ထိုင်း(NGO) အဖွဲ့ အစည်းများမှ ဦးဆောင်ပြုလုပ်သည့် “အဆိုးများကို ရင်ဆိုင်ကျော်ဖြတ်ခြင်း” ပွဲတော်ကို မြန်မာတိုင်းရင်းသား ပေါင်းစုံမှ ရိုးရာ တေးသီချင်း၊ အကများနှင့် ပါဝင်ဖျော်ဖြေ ကြသည်။

ယင်းပွဲတော်ကို ထိုင်းနိုင်ငံတွင်းရှိ ထိုင်းလူမျိုး ပေါင်းစုံနှင့်အတူ ချင်းမိုင်ရောက် ရှမ်း၊ ကရင်၊ မြန်မာ၊ ကချင်၊ ချင်း၊ မွန်လူမျိုးများက နေ့အလိုက် တက်ရောက်ဖျော်ဖြေကြသည်။

ထိုင်းနိုင်ငံတွင်းရှိ ထိုင်းလူမျိုးပေါင်းစုံနှင့် မြန်မာတိုင်းရင်းသားလူမျိုးများ ပူးပေါင်းပါဝင်သည့် အဆိုးများကို ရင်ဆိုင် ကျော်ဖြတ်ခြင်းပွဲတော်ကို ချင်းမိုင်မြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။