|
ခင်ပွန်းနှင့်သားဖြစ်သူ၏ နိုင်ငံရေးလှုပ်ရှားမှုကို သတင်းမပို့၍ ၀န်ထမ်းတဦးအား
အလုပ်မှ ထုတ်ပယ်
ခွန်အောင်မြတ်။
ဇူလိုင်လ ၁၇ ရက်၊ ၂၀၀၇ ခုနှစ်။
ခင်ပွန်းနှင့်
သားဖြစ်သူ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်နေကြောင်း တာဝန်ရှိသူကို
သတင်းပေးပို့ရန် ပျက်ကွက် သည်ဟူသော စွပ်စွဲချက်ဖြင့် ရန်ကုန်
အင်းစိန်အထည်စက်ရုံ အမှတ်(၁၁)မှ အမျိုးသမီးဝန်ထမ်းတဦးအား အလုပ် မှ
ထုတ်ပယ်လိုက်သည်။
သားဖြစ်သူ
အနောက်ပိုင်း တက္ကသိုလ်ကျောင်းသား ဒီငြိမ်းလင်းနှင့် ခင်ပွန်းဖြစ်သူ
ဇော်ဇော်မင်းတို့သည် နိုင်ငံရေး တွင် ပါဝင်ပတ်သက်ခဲ့သည်ကို စက်ရုံ တာဝန်ရှိသူထံ
သတင်းမပို့သဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ဒေါ် ဌေးဌေးဝင်းအား
အလုပ်ထုတ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
“ငါးရက်နေ့
သတင်းစာထဲမှာပါတဲ့ဟာကိုပေါ့နော် အဲဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ကို သတင်းမပို့
လို့ဆိုပြီးတော့ ကျမကို ဒီအလုပ်ကနေပြီးတော့ ထုတ်ပယ်လိုက်တာပေါ့။ သူတို့ကတော့လေ
ကျမကို လေ အလုပ်ထဲမှာပေါ့နော် သူတို့မေးတယ်လေ ခေါ်ခဲ့ပြီးတော့လေ။
မေးတဲ့ဟာထဲကပေါ့နော်။ ဒီသား နဲ့ပဲ သူတို့မေးတာပေါ့။ သားဟာ ဆူပူမှု အုံကြွမှုမှာ
ပါတယ်ဆိုပြီးတော့ သူတို့က စွပ်စွဲထားတယ်ပေါ့ နော်။ ကျမသားဟာ ဒီနေ့အထိ
ဥပဒေဘောင်ထဲမှာ အေးချမ်းစွာ ပညာသင်ကြားနေတဲ့ ကျောင်းသား လည်း ဖြစ်တယ်လေ။
အမျိုးသားဆိုတာလည်း ဥပဒေဘောင် အတွင်းမှာပဲ သူ့ဟာသူ နေထိုင်နေတဲ့ သူလည်းဖြစ်တယ်။
အဲဒါကို သူတို့က ကျမကို အလုပ်ကနေပေါ့နော် အလုပ်လက်မဲ့ဘ၀ ဖြစ်အောင်
လုပ်ပစ်လိုက်တယ်ပေါ့။”
၎င်းအား
အလုပ်ထုတ်ပယ်ကြောင်းအကြောင်းကြားစာကို ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် မြန်မာ့အထည်
အလိပ် လုပ်ငန်း ရုံးချုပ် နေပြည်တော်က ထုတ်ပြန်ခဲ့သည်။
ယင်းစာတွင်
အင်းစိန်အထည်စက်ရုံ အမှတ် ၁၁ ထုတ်လုပ်ရေး ကျွမ်းကျင် ၄ ဒေါ်ဌေးဌေးဝင်းသည်
၎င်းနှင့် အတူ နေ ခင်ပွန်းဖြစ်သူ ဦးဇော်ဇော်မင်းနှင့် သားဖြင့်သူ
မောင်ဒီငြိမ်းလင်းတို့သည် နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုတွင်
ပါဝင်ပတ်သက်သည်ကို သိရှိပါလျှက် မိမိတို့စက်ရုံမှ တာဝန်ရှိသူများထံသို့
သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ၄င်း၏ သားဖြစ်သူမှာ ပညာသင် ထောက်ပံ့ကြေးဆိုင်ရာ
ဝန်ခံကတိလက်မှတ်များ ရေးထိုးထားပါလျှက် ကတိဝန်ခံချက် များ
ဖောက်ဖျက်ခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါသဖြင့် ၄င်းအား ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၃
ရက်နေ့တွင် ၀န်ထမ်း အဖြစ် ထုတ်ပယ်လိုက်သည်ဟု ဖော်ပြထားသည်။
အလုပ်ထုတ်ပယ်လိုက်ခြင်းကို ပြန်လည်ပြင်ဆင်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ
ဒေါ်ဌေးဌေးဝင်းက ယနေ့ တွင် စာပေးပို့၍ ပန့်ကြားလိုက်သည်။
ယင်းစာတွင်
နိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မှလည်း ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ခြင်းမရှိပဲ
နိုင်ငံတော်သည် ပကတိတည်ငြိမ် ရှိနေပါလျှက် မည်သည့်အတွက်ကြောင့်
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုတွင် ပါဝင်ပတ်သက် နေသည် ဟူသော စွပ်စွဲချက်အပေါ်
နားမလည်နိုင်အောင် ဖြစ်မိကြောင်း ရေးသားထားပြီး သူမအနေဖြင့် ၀န် ထမ်းလုပ်သက်
၁၀ နှစ်ကျော် ကာလအတွင်း ၀န်ထမ်းစည်းကမ်း တစုံတရာ ဖောက်ဖျက်ခြင်းမရှိပဲ
ဝန်ထမ်းစည်း ကမ်းနှင့် အညီ နိုင်ငံတော် အကျိုးစီးပွားအတွက် မိမိအင်အားရှိသမျှ
ကျိုးစားလုပ်ကိုင်သူ ၀န်ထမ်းဖြစ်ပါလျှက် ဤကဲ့သို့ ၀န်ထမ်းအဖြစ်မှ
ထုတ်ပယ်လိုက်ခြင်း အပေါ် သူမနှင့်အတူ လုပ်ဖော်ကိုင်ဖက်များ အလုပ်သမားများပါ
အံ့သြတုန်လှုပ်မိကြရကြောင်း ဖော်ပြထားသည်။
ယခုလ ၅ ရက်နေ့ထုတ်
မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ၈၈ မျိုးဆက်ကျောင်းသား ဂျင်မီ
(ခ) ကျော်မင်းယုနှင့် ဇော်ဇော်မင်းတို့သည် အနောက်ပိုင်း တက္ကသိုလ်ကျောင်းသား
ဒီငြိမ်းလင်းနှင့် စီးပွားရေး တက္က သိုလ်ကျောင်းသား စည်သူမောင်တို့ကို အမာခံထား၎င်း
ကျောင်းသားထု ဆူပူအုံကြွမှုဖြစ်စေရန် ဆောင်ရွက်ခဲ့ ကြောင်း၊ ဇူလိုင်(၇)ရက်
ကြေညာချက်ထုတ်ပြန်ရေး၊ အာဇာနည်နေ့တွင် အာဇာနည်ကုန်းသို့ လွမ်းသူ့ပန်းခွေ များ
ကိုင်ဆောင် ချီတက်အလေးပြုရေးနှင့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးတို့ကို
ကြိုးကိုင်စီမံ နေသည်ဟု စွပ်စွဲ ထားသည်။
ယင်းစွပ်စွဲချက်များ
မဟုတ်မှန်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဂျင်မီ ခေါ်
ကျော်မင်း ယုက သတင်းမီဒီယာများမှ ဖြေရှင်းခဲ့သည်။
ဒေါ်ဌေးဌေးဝင်းကို
ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်သော်လည်း နိုင်ငံတော်ကို ပုန်ကန်ရန် ကြံစည်သူများဟု
အ စိုးရပိုင်သတင်းစာများတွင် စွပ်စွဲခံထားကြရသူ ကိုဇော်ဇော်မင်းနှင့်
အနောက်ပိုင်း တက္ကသိုလ်ကျောင်းသား ဒီငြိမ်း လင်းတို့အား တစုံတရာ အရေးယူခြင်း
မရှိခဲ့ပေ။
|