မလေးရှားထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသား (၃၀ )ခန့် ထွက်ပြေး

ဇာဇာမော်။
သြဂုတ် ၁၇ ရက်၊ ၂၀၀၉ ခုနှစ်။  

မလေးရှားနိုင်ငံရှိ တရားမ၀င်နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတစ်ခုဖြစ်သော ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအနီးရှိ KLIA camp မှ မြန်မာအကျဉ်းသား (၃၀)ခန့် ယမန်နေ့က ထောင်ဖောက်ပြေးခဲ့သည်။

အခင်းဖြစ်ပွားပုံနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား ဥက္ကဌ ဖြစ်သူ ကိုကျော်ကျော်က အခုလိုပြောသည်။

“ထမင်းကျွေးချိန် ညနေ ၆ နာရီလောက်မှာ  မလေးရှား လ၀က ကတံခါးဖွင့်တယ်။ တံခါးကို ဖွင့်လိုက် တဲ့ အချိန်မှာပဲ လ၀ကကို လူအုပ်ကြီးနဲ့ အတင်းတွန်းပြီးတော့ လူ (၃၀)လောက် ထွက်ပြေးတယ်။ ချက် ချင်းပဲ (၅) ယောက်ကတော့ချက်ချင်း  ပြန်မိတယ်။  သူတို့လက်ရ ဖမ်းမိတဲ့ လူ (၅) ယောက်ကိုတော့ ချက်ချင်းပဲ ဖမ်းလိုက်တယ်။  ၂၅ ယောက်ကတော့ လွတ်သွားတယ်။”

ယင်း Camp ထဲတွင် အကျဉ်းဆောင် (၁၂) ဆောင်ရှိပြီး အထိမ်းသိမ်းခံ တရားမ၀င် နိုင်ငံခြားသား ၁၂၀၀ ကျော် ၌ မြန်မာနိုင်ငံသား ၅၀၀ ခန့်ရှိ၍ လုံခြုံရေးအရ အားနည်းပြီး ထွက်ပြေးရန်လွယ်ကူသည်ဟု ၎င်းကဆက်ပြော သည်။

“Camp ထဲမှာ လ၀ကလောက် ပဲရှိတယ်။ ရဲမရှိဘူး၊ စစ်တပ်မရှိဘူး။ အဲဒါကြောင့် သူတို့ဖမ်းနိုင်တဲ့ ၅ ယောက်ကိုပဲဖမ်းမိတယ်။ သူတို့ KLIA camp  ရဲ့ခြံစည်းရိုး တွေကိုဖျက်ဆီးပြီးတော့ ထွက်ပြေးသွား တယ်။”  

ထောင်ဖောက်ပြေးသူများထဲမှ ဖမ်းမိသူ (၅) ဦးအား သီးသန့်အဆောင်၌ ထားရှိပြီး မလေးရှား နိုင်ငံ၏ တည်ဆဲ ဥပဒေ အရ ထောင်ဖောက်ပြေးမှုဖြင့် တရားစွဲခံရနိုင်သည်ဟု သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စမုံညှင်းထိန်းသိမ်းရေးစခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်း ကြောင့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးထိုစခန်းရှိ မြန်မာနိုင်ငံသားများအား KLIA အကျဉ်းစခန်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

မလေးရှား ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသူများသည် ကျန်းမာရေးစောင့်ရှောက် မှု အားနည်းနေပြီး လောလောဆယ်အခြေအနေအရ တီဘီနှင့် အဆုတ်ရောဂါခံစားနေရသူများ ရှိသည်ဟု သိရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။