|
လက်နက်ချ ရလလဖ
စခန်းဟောင်းတွင် တိုက်ပွဲဖြစ်
စစ်သားတဦး၊ ရဲတဦးသေဆုံး။ ၂ ဦးဒဏ်ရာ ရ
ခွန်အောင်မြတ်။
အောက်တိုဘာလ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်။
မကြာခင်က
လက်နက်ချသွားသော ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)
အဖွဲ့၏ ဌာနချုပ် တပ်စခန်း နောင်ထောင်ဝ်တွင် တပ်စွဲထားသည့် မြန်မာစစ်တပ်နှင့်
ရဲစခန်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)က
ယမန်နေ့ညတွင် ၀င်ရောက်တိုက်ခိုက်သဖြင့် မြန်မာစစ်သား တဦး၊ ရဲ တဦး ကျဆုံးပြီး
အခြား ၂ ဦး ဒဏ်ရာ ရရှိသည်ဟု ပီအဲန်အယ်လ်အိုက ပြောသည်။
မြန်မာစစ်အစိုးရတပ်
ခလရ ၄၂၁ ကို ပီအဲန်အယ်လ်အိုတပ်ဖွဲ့မှ ဗိုလ်မှူးအောင်နိုင် ဦးစီးသည့် တပ်ဖွဲ့က
ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပီအဲန်အယ်လ်အို၏
နိုင်ငံရေးနှင့်စည်းရုံးရေးဌာန ပြောရေးဆိုခွင့်ရှိသူ ခွန်စွဲထိုက ပြောသည်။
“၁၆ ရက်နေ့ည ၁၁ နာရီ
၅၀ အဲဒီအချိန်မှာ ဗိုလ်မှူးအောင်နိုင် ဦးစီးသော ဗိုလ်မှူး ခွန်ကျော်၊
ဗိုလ်မှူး အုန်းမောင်တို့ အဖွဲ့သည် နောင်ထောင်ဝ်မြို့ ခလရ ၄၂၁ တပ်ရင်းကို
ဝင်ရောက် တိုက်ခိုက်ပြီးတော့ မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီ ၄၂၁
တပ်ရင်းမှာရှိတဲ့ တပ်သား သိန်းထွန်းတယောက်သေတယ်၊ နောက်ပြီးတော့ တယောက်
ဒဏ်ရာရတယ်။ နောက်ပြီးတော့ ရဲစခန်းတခုကိုလည်း ကျနော်တို့ ၀င် တိုက်လိုက်တယ်။
ရဲစခန်းမှာ ဒုရဲအုပ် ချစ်ကိုအောင်က ဒဏ်ရာရတယ်။ တပ်သား ချစ်ကိုကိုက သေ သွားတယ်။
”
ဗိုလ်မှူးစိန်ရွှေနှင့်
ဗိုလ်မှူးစိုးအောင်လွင်တို့ ဦးဆောင်သည့် ရလလဖ အဖွဲ့ မြန်မာစစ် အစိုးရထံ
လက်နက်ချပြီး နောက်ပိုင်း ရလလဖ ဌာနချုပ်ဖြစ်သည့် နောင်ထောင်ဝ်တွင်
ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
အခုလို
ဝင်ရောက်တိုက်ခိုက်ရခြင်းမှာ ဒေသခံပြည်သူများက တောင်းဆိုလာခြင်းကြောင့်
ဖြစ်သည်ဟု ပီအဲန် အယ်လ်အို အဖွဲ့က ပြောသည်။
“နအဖ စစ်တပ်တွေက
အဲဒီမှာရှိတဲ့ ကျေးရွာသူ ကျေးရွာသားတွေကို အနိုင်ကျင့်နှိပ်စက် ပြီးတော့ လုပ်
နေတယ်။ အဲဒီမှာ ရှိတဲ့ ရွာသူ ရွာသားတွေက ကျနော်တို့ အဖွဲ့ကို တိုင်ကြား
ပြီးတော့မှ ပြည်သူလူထု ရဲ့ သဘောထား ဆန္ဒအရ ကျနော်တို့ ၀င်တိုက်ရခြင်းဖြစ်တယ်လို့
ကျနော်ပြောလိုပါတယ်။”
ဟု ခွန်စွဲထို က
ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့သည် ၂၀၀၇ ခုနှစ် ဇွန်လပိုင်းတွင် ရလလဖ
တပ်ဖွဲ့မှ ခွဲထွက်ကာ တော ပြန်ခိုပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့
(ပီအဲန်အယ်လ်အေ)ဟု ပြောင်းလွဲဖွဲ့စည်းပြီး မြန်မာစစ် အစိုးရကို
ဆန့်ကျင်တော်လှန် နေသည့် အဖွဲ့ဖြစ်သည်။
နောင်ထောင်ဝ်
ဌာနချုပ်တွင် အခြေစိုက်ခဲ့သည့် ဗိုလ်မှူးစိန်ရွှေ၊ ဗိုလ်မှူးစိုးအောင်လွင်
ဦးဆောင်သည့် ရလလဖ တပ်ဖွဲ့သည် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့်
သြဂုတ်လ ၃ ရက်နေ့တွင် အပြီး လက်နက်ချ ခဲ့သည်။
|