|
တစ်လကျော် ပြန်ပေးဆွဲ ခံရသည့် မြန်မာသင်္ဘောသား
(၁၄) ဦး လွတ်မြောက်
နွယ်လေး။
အောက်တိုဘာလ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်။
ဆိုမာလီယာ ကမ်းခြေ၌
တစ်လကျော်ပြန်ပေးဆွဲခံရသည့် မြန်မာသဘောင်္သား (၁၄) ဦး အပါအ၀င် သင်္ဘောသား ၂၂
ဦးကို ပင်လယ်ဓါးပြများက ယမန်နေ့ညတွင် ပြန်လွှတ်ပေး လိုက်သည်။
မြန်မာနှင့်
တောင်ကိုးရီးယား သဘောင်္သားများ လိုက်ပါသည့် Bright Ruby အမည်ရှိ ကုန်တင်
သင်္ဘောကို စက် တင်ဘာလ (၁၀) ရက်နေ့တွင် ဆိုမာလီယာ ကမ်းခြေ ပင်လယ်ဓါးပြ များက
ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။
မြန်မာသင်္ဘောသား
(၁၄)ဦး အား အလုပ်လုပ်ကိုင်ရန် တာဝန်ယူ ခဲ့သည့် Leader Marine Co. Ltd
မန်းနေဂျင်း ဒါရိုက်တာ ဦးဌေးအောင် က “ကျနော်တို့ သင်္ဘောကို
ပြန်လွှတ်ပေးလိုက်ပါပြီ ဆိုမာလီယာ ပြန်ပေးက နေပြီးတော့။ သက်ဆိုင်ရာ
မိဘတွေကိုလည်း ဖုန်းဆက် အကြောင်းကြားပြီး ပါပြီ။ ကျနော်တို့ သင်္ဘောသား
ကျန်းမာရေး အခြေနေ အားလုံး ကောင်းပါတယ်။ အချို့ မြန်မာသင်္ဘောသားတွေတော့
စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပြီးရင်တော့ သူတို့ ဆန္ဒအတိုင်း
ဆောင်ရွက်ပေးပါလိမ့်မယ် ။”
ပြန်လည်လွတ်မြောက်လာသည့် သင်္ဘောသားများအားလုံး ကျန်းမာရေး အခြေနေစိုးရိမ်စရာ
မရှိပဲ ကျန်းကျန်း မာမာရှိကြပြီး ကိုးရီးယား သင်္ဘောသားများ၏ မိဘဆွေမျိုးများက
ဝမ်းသာအားရနှင့် စောင့်မျှော် နေသည်ကို တောင်ကိုးရီးယား သတင်းများတွင်
ဖော်ပြခဲ့သည် ဟု ကိုးရီးယားနိုင်ငံတွင် နေထိုင်သည့် ကိုရန်နိုင်ထွန်း က
ယခုလို ပြောသည်။
“တောင်ကိုးရီးယား
အနေနဲ့ကတော့ ဆိုမာလီယားဘက်က ပြန်ပေးဆွဲသူတွေနဲ့ ဘယ်လို တွေ့ဆုံပြီး သူတို့
အနေနဲ့ ကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆွေးနွေးခဲ့တယ်။ အဆင်ပြေအောင်
ဘယ်လိုလုပ်ပြီး သူ တို့ သင်္ဘောသားတွေကို ဘယ်လို လွတ်မြောက်အောင် ကြိုးစားခဲ့တယ်
ဆိုပြီးတော့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ”
တောင်ကိုးရီးယားနိုင်ငံ သတင်းမီဒီယာ များတွင် အစိုးရမှ မည်သို့ညှိနှိုင်း
ဆောင်ရွက်ခဲ့သည် ဟု ဖော်ပြထား ခြင်း မရှိပဲ ပြန်ပေးဆွဲသူများနှင့် တွေ့ဆုံပြီး
အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း ဆွေးနွေးခဲ့သည် ဟုသာ ရေးသား ထားသည်ဟုလည်း ၎င်းက
ဆက်ပြောသည်။
ပြန်ပေးသမားများက
သင်္ဘောနှင့် အတူ သင်္ဘောသားများအားလုံးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်၊
တန်ချိန်
နှစ်သောင်းကျော် တင်ဆောင်ထားသည့် ၎င်းကုန်တင်သင်္ဘောမှ သင်္ဘောသားများကို အေဒင်ပင်လယ်
ကွေ့တွင် အမေရိကန် စစ်သင်္ဘောသို့ လွဲပြောင်းပေးခဲ့ပြီး လာမည့် နိုဝင်ဘာ (၂၆)
ရက်နေ့တွင် တောင်ကိုရီးယား သို့ ရောက်ရှိမည်ဟု ကိုရီးယားနိုင်ငံတွင်
နေထိုင်သည့် ကိုဇော်မိုးအောင်က ကိုရီးယား သတင်းဌာနများကို ကိုးကား ပြောသည်။
|