|
(ဝ)တပ်ဖွဲ့နှင့် နအဖ နှစ်ဘက်တွေ့ဆုံပွဲ
သဘောတူညီမှု မရသေး
သတင်းနှင့် မီဒီယာကွန်ယက်။
နိုဝင်ဘာလ ၁၇ ရက်၊ ၂ဝဝ၉ ခုနှစ်။
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် (ဝ)ပြည်သွေးစည်း
ညီညွတ်ရေးတပ်မတော်နှင့် စစ်အစိုးရ ကိုယ်စားလှယ် တို့ ယခုလ(၁၄)ရက်နေ့က
တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ရာ နှစ်ဖက်သဘောတူညီမှု မရရှိသေးဟု နယ်စပ် သ
တင်းများက ဆိုသည်။
အဆိုပါဆွေးနွေးပွဲ၌ (ဝ)တပ်ဖွဲ့နှင့် အထူးဒေသ ၄ မိန်းလားတပ်ဖွဲ့တို့၏
လိုလားချက်များအား (ဝ)ဖက်ကထပ်မံ တင်ပြခဲ့သော်လည်း စစ်အစိုးရဖက်မှ လက်မခံပဲ
ငြင်းပယ်ခဲ့ပြီး (ဝ)တပ်ဖွဲ့အား ထပ်မံစဉ်းစားရန်နှင့် ယခုနှစ် ဒီဇင် ဘာလအကုန်၌
နယ်ခြားစောင့်တပ်အဖြစ် နောက်ဆုံးထား ဖွဲ့စည်းရန် ထပ်မံတောင်းဆိုလိုက်သည်ဟု
တရုတ် နယ်စပ်(ဝ)တပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ထို့အပြင်
မြန်မာစစ်အစိုးရဖက်မှ (ဝ)နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့်လက်နက်ထုတ်လုပ်နေမှုကို
ရပ်ဆိုင်းသွား ရန်နှင့် တပ်သားသစ်ကောက်ယူမှုမလုပ်ရန်တောင်းဆိုခဲ့သည်ဟု ၎င်းက
ဆက်ပြောသည်။
ထိုတောင်းဆိုမှုအပေါ် (ဝ)တပ်ဖွဲ့ကလည်း ၎င်းတို့အနေနှင့် လွန်ခဲ့သည့် ၂ဝဝ၅
ခုနှစ်ကတည်း က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလုပ်ဆောင်လာခဲ့သလို
လက်နက်စက်ရုံလည်းမရှိကြောင်း လက်နက်ပြင်စက်ရုံသာရှိသည်ဟု
ပြန်လည်တုန့်ပြန်ခဲ့သည်ဟု (ဝ)တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ဆွေးနွေးပွဲသို့ နအဖဘက်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊
စစ်ဘက်ရေးရာ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် တို့ ပါဝင်၍ (ဝ) ဖက်ကတော့
ဒုဥက္ကဌ ဦးလျောက်မီလျံနှင့် ကျောက်ဝမ်ကွမ်း တို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့(ဝ)ဒေသရှိ ယခင်ပန်လုံနယ်စား ပန်လုံစော်ဘွားကြီး၏
သားဖြစ်သူ ခွန်ထွန်းလူနှင့် ဝမ် ဆို သည့် တရုတ် သူဌေးတဦးတို့ကို
နအဖကိုယ်စားလှယ်များက ခေါ်ဆောင်လာခဲ့သည်ဟု (ဝ)သတင်းရပ်ကွက်က ပြောသည်။
ခွန်ထွန်းလူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်ဖြစ်ပြီး
ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူး အဖွဲ့ (ကစထ) မှူး ဒုဗိုလ်ချုပ်ကြီး
ကိုကိုနှင့် ယောက်ဖတော်စပ်သူလည်း ဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုသည် ခွန်
ထွန်းလူ၏ ညီမနှင့် အိမ်ထောင်ပြုထားသူဖြစ်သည်။
အဆိုပါပုဂ္ဂိုလ်များ အနေနှင့် ယခင်ဆွေးနွေးပွဲများတွင် မပါခဲ့ဖူးသလို
နယ်ခြားစောင့်တပ်ကိစ္စ အသွင်ပြောင်းရေး နှင့် မသက်ဆိုင်သည့် အတွက်
(ဝ)အချင်းချင်းကြားရန်တိုက်ပေးသည့် သဘောသက်ရောက်သည်ဟု (ဝ)တပ် ဖွဲ့များ ကြားတွင်
သံသယရှိနေကြသည်။
စစ်အစိုးရခေါင်းဆောင်များသည် ယခုလို(ဝ)တပ်ဖွဲ့များနှင့်
ဆွေးနွေးခဲ့သည့်ရက်ပိုင်းအတွင်း၌ ရှမ်းပြည်တပ်မ တော်
မြောက်ပိုင်းတပ်ဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်သူ့စစ်ဖွဲ့စည်းရန်
ထပ်မံဆွေးနွေးခဲ့သော်လည်း ရှမ်းအဖွဲ့မှ လက် မခံသည့် အတွက် ပြေလည်မှုမရဟု
ယင်းအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
မြန်မာစစ်အစိုးရမှ အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ်နှင့်
ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့ စည်းရန် ယခုနှစ် ဧပြီလကုန်ပိုင်းကတည်းက
စတင်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အစိုးရ၏တောင်းဆိုချက်အား ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ဝပြည်
သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA)၊ မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်
(မြောက်ပိုင်း)နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များ က ယနေ့အချိန်ထိ
လက်မခံပဲငြင်းဆို နေဆဲဖြစ်သည်။
လွန်ခဲ့သည့်အပတ်အတွင်းက အပစ်ရပ်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကချင်ပြည်ဒီမိုကရေစီသစ်
တပ်မတော်နှင့် ကရင်နီ ပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)
အဖွဲ့တို့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့ကြောင်း
စစ်အစိုးရထုတ်သတင်းစာ၌ ဖော်ပြပါ ရှိသည်။
|