အအေးခန်းထဲတွင် သေဆုံးသူ လျှော်ကြေးငွေရရှိ

နွယ်လေး။
ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။ 

ရေခဲတင်အအေးခန်းကားထဲတွင် အသက်ရှူမွန်းကြပ်သေဆုံးသွားသည့် မြန်မာအလုပ် သမား ၅၄ ယောက်ထဲမှ ၃၇ ဦးကို ထိုင်းအာမခံ ကုမ္ပဏီက လျှော်ကြေးငွေ ပေးအပ် ခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ငါးသယ်သည့် ရေခဲကားတွင် အသက်ရှု မွန်းကြပ်ပြီး သေဆုံးသွားသည့် မြန်မာအလုပ် သမား ဆွေမျိုးများကို ထိုင်းအာမခံကုမ္ပဏီမှ လျော်ကြေးငွေထုတ် ယူရန် ယနေ့ ချက်လက်မှတ်များ ထုတ်ပေး သည်ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ရွှေ့ပြောင်းအလုပ်သမားရေးရာတာဝန်ခံ ဦးတင်ထွန်း အောင် က ပြောသည်။

“လျော်ကြေးငွေရဖို့ လျှောက်ထားတဲ့ သေဆုံးသူ (၄၆)  ယောက်ရဲ့ ဆွေမျိုးးသားချင်း (၄၁) ယောက် ပဲ ဒီနေ့ ရနောင်းကို လာနိုင်ပါတယ်။ အချို့လဲ ခရီးလာဖို့ အဆင်မပြေတာလား မသိ။ ပုဂ္ဂလိက အာမခံကုမ္ပဏီက ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့အတွက် ပေးရမယ့် လျော်ကြေးငွေရဲ့ စရံသဘောမျိုး ဒီနေ့ ဘတ်ငွေ သုံးသောင်းခွဲချပေးပါတယ်။ လောလောဆယ် ၃၇ ယောက်စာပဲ ရပါတယ်။”

ယနေ့ လျော်ကြေးလာထုတ်သူ ၄၁ ဦးအနက် ၅ ဦးသည် လိုအပ်သည့် အထောက်အထား မပြည့်စုံသေးသဖြင့် ပြန်လည်စိစစ်ပြီး လျော်ကြေးငွေ ထုတ်ယူနိုင်ရန်  ထိုင်းတာဝန်ရှိများက ဆောင်ရွက်ပေးနေဆဲဟု ဦးတင်ထွန်း အောင် ကပြောသည်။

လျော်ကြေးအပြည့်အ၀ရရှိရန်အတွက် ကားအာမခံကုမ္ပဏီအား ဆက်လက် ဖိအားပေး သွားမည်ဟု ၎င်းအမှုအား လိုက်ပါဆောင်ရွက်သူ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလပ်ရှားမ ကော်မတီ (TACDB) အဖွဲ့မှ ရှေ့နေ နတ်ဆိုဝ်း အတ်ဝါးရင်း ကပြောသည်။

“ခုလျော်ကြေးပေးတာက ထိုင်းအာမခံ ကုမ္ပဏီက စရံကြိုပေးပေးထားတာ။ ကားအာမခံ ကုမ္ပဏီက တစ်ပြားမှ မပေးရသေးဘူး။ သူတို့ ကားကုမ္ပဏီက လျော်ကြေးပေးရမယ်။ လိုအပ်တဲ့ အချက် အလက်တွေ မပြည့်စုံသေးလို့ဘယ်ချိန်ဆိုတာတော့ အတိကျပြောလို့ မရသေးဘူး။ ကျနော်တို့ အဆင့်ဆင့် ကြိုးစားဆောင်ရွက် သွားဖို့ရှိတယ်။ အဓိက ကျနော်တို့ ခုရင်ဆိုင်ရတဲ့ အခက်အခဲက  မြန်မာပြည်က ကျန်ရှိတဲ့ဆွေမျိုးနဲ့ မြန်မာအစိုးရကနေ အဆင့်ဆင့် ဆက်သွယ်ရတာ ကျနော်တို့ ဆက်သွယ်ရေး အခက်အခဲလဲ ရှိပါတယ်”

ထိုင်းဥပဒေအရ မတော်တဆ ထိခိုက်မှုနှင့် သေဆုံးသူတစ်ဦး၏ အခြေခံလျော်ကြေးငွေမှာ ဘတ်တစ်သိန်း ဖြစ်သည်။

လျော်ကြေးငွေ ဘတ်တစ်သိန်းသည် နည်းသည်ဟု သေဆုံးသူ ဆွေမျိုးများ ယူဆပါက ထိုင်းဥပဒေအရ တရားရုံး တွင် သုံးကြိမ်တိတိ အယူခံခွင့်ရှိသည်။

မြန်မာနိုင်ငံသား (၁၂၁) ဦးအား ရနောင်းမှ ဖန်င သို အသားတင် အအေးခန်းကားအတွင်း လွန်ခဲ့သည့်နှစ် ဧပီလ ၉ ရက်နေ့က အလုံပိတ်တင်ဆောင်လာရာမှ လေအေးပေးစက် ပျက်သွားသဖြင့် အသက်ရှူကပ်ပီး ၅၄ ဦး သေဆုံးကာ ၂၀ ကျော် ဆေးကုသမ ခံယူခဲ့ရသည်

ယခုအမှုနှင့် ပတ်သက်သူ တရားခံ နှစ်ဦးကို မြန်မာနိုင်ငံ ကော့သောင်းတရားရုံးမှ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင်  ထောင်ဒဏ် (၂) နှစ်နှင့် (၃ )နှစ် စီ ချခဲ့ပြီး ကားမောင်းသမားကို ထိုင်းတရားရုံး မှ ထောင်ဒဏ် (၆ )နှစ် ချမှတ် ခဲ့သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။