|
တရုတ်မြန်မာ
နယ်စပ်ကုန်သွယ်မှု စစ်အစိုးရပိတ်ပင်
သတင်းနှင့် မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မတ်လ ၁၈ ရက်၊ ၂၀၁၀ ခုနှစ်။
မြန်မာပြည်မြောက်ပိုင်းရှိ
တရုတ်၊ မြန်မာနယ်စပ် လိုင်ဇာမြို့မှ ဗန်းမော်မြို့နှင့်
မြစ်ကြီးနားမြို့များသို့ ကုန်စည်ကူး သန်းရောင်းဝယ်သည့်
အဓိကလမ်းကြောင်းနှစ်ခုမှ ကုန်စည်ကူးသန်းမှုကို ယခုရက်ပိုင်း အတွင်း စစ်အစိုးရက
ပိတ်ပင်လိုက်သည်။
ကချင်ပြည်နယ် တရုတ်၊
မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှကုန်သွယ်မှုပိတ်ပင်လိုက်ကြောင်းကို လိုင်ဇာ
ဒေသခံ တစ်ဦးက ယခုလိုပြောသည်။
“အခုပစ္စည်းတွေပိတ်ထားပြီ။
ပါစင်ဂျယ်တွေတော့ စီးလို့ရတယ်။ ဘာပစ္စည်းမှ မသယ်ရဘူးလို့ ပိတ် ထားတယ်။
ဟိုဖက်ကလည်း အ၀င်မခံဘူး။ ဒီဖက်ကလည်း မထုတ်ရဘူး။ နှစ်ဖက်စလုံး ဘာပစ္စည်းမှ
မသယ်ခိုင်းဘူး။”
ထိုလမ်းကြောင်းနှစ်ခုပေါ်ရှိ
ဒေါ့ဖုန်းယန်နှင့် ရွှေညောင်ပင် စစ်ဆေးရေးဂိတ်နှစ်ခုတွင် စစ်အစိုးရတပ် များနှင့်
ဌာန ဆိုင်ရာအင်အား ပိုမိုဖြည့်တင်းထားကာ စစ်ဆေးမှုပိုများနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ဂိတ်တွေအကုန်လုံးကိုပိတ်တာ။ ဂိတ်တွေမှာ အင်အားပြန်တိုးထားတယ်လေ။ တပ်တွေရော၊
ရဲတွေ ရော၊ ဌာနဆိုင်ရာအကုန်လုံးပေါ့။ ဒီရက်ထဲမှာ
စစ်ဆေးရေးပိုပြီးတင်းကြပ်လာတယ်။”
အလားတူ မြစ်ကြီးနားနှင့်
ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင် ဧရာဝတီ မြစ်ကူး တံတား ပေါ်၌လည်း
လုံခြုံရေးများတိုးချထားသည်ဟု မြစ်ကြီးနား ကုန်သည်က ပြောကြောင်း ယခုလို
ဆက်ပြောသည်။
“မနေ့မနက်ကပဲ
မြစ်ကြီးနားကဖုန်းဆက်ပြီးမေးလာတာ။ဘယ်လိုလဲတဲ့၊ ကုန်သည်တွေက သူတို့ပစ္စည်း
တွေသယ်ဖို့ခက်နေလို့ထင်တယ်။ ဒီမှာတော့ကားတွေကိုတော့ ၀င်ထွက်ခွင့်
ပေးထားတယ်လို့။ ပစ္စည်း တွေတော့ မရသေးဘူးလို့ပြောတော့ အင်းတဲ့ ဗလမင်းထင်မှာလည်း
ရဲတွေ အများကြီးပဲတဲ့၊ အခုအင် အားအများကြီးချထားတယ်လို့ပြောတယ် သူတို့က။”
ပစ္စည်းတင်သွင်းခွင့်
ပိတ်ပင်လိုက်သည့်အတွက် ကုန်ဈေးနှုန်း တိုးမြှင့်လာနိုင်သလို ပြည်သူလူထုနှင့်
တနိုင်တပိုင် လုပ်ကိုင်စားသောက်သူများ အခက်အခဲပိုဖြစ်လာနိုင်သဖြင့် ဒေသခံများ
စိုးရိမ်မကင်း ဖြစ်နေကြသည်။
ယင်းသို့ဖြစ်ရခြင်းသည်
နယ်ခြား စောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကေအိုင်အိုအပေါ် စစ်အစိုးရက ဖိအား
ပေးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
မြန်မာစစ်အစိုးရက
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (ကေ
အိုင်အေ)တပ်ဖွဲ့ကို ယခုလ ၁၅ ရက် နောက်ဆုံးထားကာ အကြောင်းပြန်ကြားရန်
ပြောဆိုခဲ့သည်။
ယင်းကိစ္စအပေါ် ယခုလ ၁၂ ရက်နေ့က
ကေအိုင်အေနှင့် စစ်အစိုးရတို့ ၁၂ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲ၌ ကေအိုင်အေမှ
နယ်ခြားစောင့်တပ်အဖြစ်မဟုတ်ပဲ ပြည်ထောင်စုတပ်မတော်အတွင်းက တပ်အဖြစ် ပြင်ဆင်ဖွဲ့
စည်းသွားရန်လိုလားသည်ဟု အကြောင်းပြန်ခဲ့သည်။
စစ်အစိုးရက တပ်များကို
အင်အားတိုးမြှင့်ချထားသည့်နည်းတူ ကေအိုင်အေကလည်း စစ်ရေး ပြင်ဆင်မှုများ
ပြုလုပ်ရာ နှစ်ဖက် တင်းမာမှု အခြေအနေ ရှိနေသဖြင့် နယ်စပ်ကုန်သွယ်ရေးကလည်း
ပိတ်ပင်တားဆီးမှု စစ်ဆေး မှုများ ပိုမိုတင်းကြပ်လာသည်ဟု ဒေသခံများက ပြောသည်။
|