မလေးရှားရှိ KLIA camp ကို လုံခြုံရေးတိုးမြှင့်ချထား

ဇော်ကြီး။
သြဂုတ်လ ၁၈ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှားနိုင်ငံရှိ KLIA camp ခေါ် တရားမ၀င် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှ မြန်မာ အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေးပြီးနောက် ယင်းစခန်းလုံခြုံရေးများ တိုးမြှင့်ချထား လိုက်သည်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းအနီးရှိ KLIA camp မှ မြန်မာနိုင်ငံသား (၃၀) ခန့် ယမန်နေ့က ထောင်ဖောက်ပြေး ပြီးနောက်စခန်းအတွင်း လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု စခန်းအာဏာပိုင်နှင့် နီးစပ်သူ တဦးက ယခုလိုပြောသည်။

“အရင်စမုံညှင်းမှာတုန်းက ထောင်ကိုစောင့်တဲ့ ရဲလို့ပြောရမှာပေါ့နော်။ လူကောင်ခပ်တောင့်တောင့်ကြီး တွေ အဲဒီလူတွေတော့ အရင်စမုံညှင်း Camp ကနေပြီးတော့ KLIA camp ကိုရောက်လာတာတွေ့ တယ်။ နောက်ထပ်ထပ်တိုးလာတာပေါ့။ ၁၅ယောက် အယောက် နှစ်ဆယ်လောက်ရှိတယ်။” 

အခင်းမဖြစ်ပွားမှီ အချိန်က စခန်းတွင်း၌ မလေးရှား လ၀က၀န်ထမ်းအနည်းငယ်သာ အစောင့် ထားရှိပြီး အခင်း ဖြစ်ပြီးနောက် လုံခြုံရေး တိုးမြှင့်ချထားကာ အကျဉ်းသားများအား နေရာပြောင်းရွှေ့မှုများလည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ဖြစ်ပြီးတဲ့အခြေအနေမှာ ကျနော်ကြားတာတော့ သူတို့ကိုအဆောင်တွေပြောင်းလိုက်တယ် လို့ကြား တယ်။ အဲဒီထွက်ပြေးတဲ့ အဆောင်တွေကလူတွေကတော့ ဟိုးအထဲကအဆောင် ပြန်ရောက်သွားတယ် ပြောတယ်။” 

ယင်းစခန်းအတွင်း၌ အကျဉ်းဆောင် ၁၂ ဆောင်ရှိပြီး ထောင်ဖောက်ပြေးသူများသည်စခန်း ၀င်ပေါက်နှင့် ကပ် လျက် အဆောင်မှဖြစ်၍ ယခုအခါ အတွင်းဖက်ရှိအဆောင်များသို့ ပို့ထားသည်။

ထိုစခန်းသို့ မြန်မာသံရုံးမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုသော်လည်း ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူများနှင့် တရားမ၀င် ၀င်ရောက်လာသူများကို အာမခံ ချက် ပေးမည်မဟုတ်ဘဲ တရားဝင်ပတ်စပို့စ် ကိုင်ဆောင်ထားသူများကိုသာ ကူညီပေးမည်ဟု သံရုံးဝန်ထမ်းများကပြော ကြောင်းသိရသည်။

ယမန်နေ့မှစ၍ ကွာလာလမ်ပူ မြို့တွင်းနှင့် နေရာအတော်များများ၌ လုံခြုံရေးများတိုးမြှင့်ချထားပြီး အစစ်အဆေး များ၍ ဖမ်းဆီးခံရသူများလည်းရှိသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားဥက္ကဌ ကိုကျော်ကျော်က ယခုလိုပြောသည်။

“ကျနော်တို့ မြို့ထဲအပိုင်းမှာ ညနေ ၃ နာရီလောက်နေစပြီးဝင်လိုက်တာ ညနေ ၆နာရီ လောက်အထိ ပေါ့နော်။ အဲမှာ လူတော်တော်များများဖမ်းမိသွားသေးတယ်။ ၅၀နဲ့ ၇၀ ကြား တော့ပါသွားလိမ့်မယ်။ မြို့ထဲတ၀ိုက်တင် ပေါ့နော်။”

ယခုကဲ့သို့ ပြဿနာဖြစ်ပွားလာသည့်အတွက်ကြောင့် မလေးရှားနိုင်ငံရှိမြန်မာနိုင်ငံသားများ အခက်အခဲပို ဖြစ်လာ နိုင်သည်ဟုမြန်မာ့အရေးဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။