မတရားသော အမိန့်အာဏာဟူသမျှကို ဆန့်ကျင်ရန် MPU တိုက်တွန်း

နွယ်လေး။
နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်သည့် မတရားသည့် အမိန့်အာဏာဟူသမျှကို ပြည်သူ လူထုအား မိမိအသိစိတ်ဓာတ် ဖြင့်  ဆန့်ကျင်တော်လှန်ရန် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) က တိုက်တွန်းလိုက်သည်။

မြန်မာစစ်အစိုးရက ကိုမင်းကိုနိုင်အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင် (၉) ဦးအား ထောင်ဒဏ်နှစ်ရှည် ချမှတ်သည့် အမိန့်ကြောင့် ပြည်သူလူထုကို တိုက်တွန်းနိုးဆော်ရခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့(MPU)က ပြန်ကြားရေး တာဝန်ခံ ဦးလှဦးက ပြောသည်။

"စစ်အုပ်စုကို နားလည်ရမှာက  တရားဥပဒေဟာ ဒီလူတွေရဲ့လက်ထဲမှာ ဘာမှမရှိဘူး ဆိုတာကို ပြည် သူအားလုံးက သိပီးတော့ ရောင်ပြတွေနောက်ကို မလိုက်ဖို့အတွက် မတရားတဲ့ အမိန့်ကို တော်လှန် ဖီဆန်ကြရမယ်လို့ ကျနော်တို့ နှိုးဆော်ခြင်းဖြစ်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများအပေါ် နှစ်ရှည် ထောင်ဒဏ်ချမှတ်ပြီး နယ်စွန်နယ်ဖျားမှ ရာသီ ဥတု ကြမ်းတမ်းသော အရပ်များသို့ ပို့ဆောင်ခြင်းဖြင့် ပြည်သူလူထုကို အကြောက် တရားများဖန်တီးပေးကာ လာမည့်ရွေးကောက်ပွဲ တွင် တရားသဖြင့် ကျင်းပခြင်း မပြုဘဲ ခိမ်းခြောက်မည်ဖြစ်ကြောင်း ပြသသည်လုပ်ရပ်အဖြစ် ယမန်နေ့က ထုတ် ပြန်သည့် MPU ကြေညာချက်တွင် ဖော်ပြထားသည်။

"သူတို့က လူသားချင်းစာနာမှု မရှိဘူး။ လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်။ ငါတို့ လုပ်ရင် မင်းတို့ ခံရမှာပဲ ဆိုတဲ့ ခိမ်းခြောက်ချင်တဲ့ သဏ္ဍာန်ရှိတယ်ဆိုတာ ကျနော်တို့ ပြည်သူလူထုကို ထင်ထင်ရှားရှား သိစေချင်လို့ပါ။ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့အနေနဲ့ မဖြစ်ဖြစ်အောင်သွားဖို့ ကံစည် နေတယ်။ ကျနော်တို့ကလည်း နည်းပေါင်းစုံနဲ့ တိုက်ဖျက် နေတယ်။ အဲလို တိုက်ဖျက်တဲ့ ကာလမှာ အဆုံးအဖြတ်ပေးရမှာက ပြည်သူတွေ ဖြစ်တဲ့ အတွက် ပြည်သူတွေ သူတို့ကို ကြောက်လာပီး အားကိုးချင်စိတ်များ ရှိမလားလို့ သူတို့ဘက်က လုပ်နေတယ်လို့ ကျနော်တို့ MPU ကမြင် တယ်။" ဟု ဦးလှဦးက ဆက်ပြော သည်။

လူသားချင်း မစာနာသော လုပ်ရပ်သည် စစ်အစိုးရအတွက် ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူသို့ မဲပေးရန် ခိမ်း ခြောက်မှုတရပ် ဖြစ်ပြီး ပြည်သူလူထုကို ဒုက္ခပေးနိုင်သမျှ အစွမ်းကုန် ပေးနိုင်သည့် အာဏာရှိကြောင်း ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ကာ ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု ကြေငြာချက်တွင် ထောက်ပြထားသည်။

စစ်အစိုးရသည် ၈၈ကျောင်းသား ခေါင်းဆောင်(၉)ဦးအား ပီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ထောင်ဒဏ် (၆)လ ချမှတ်ပီး မအူပင်ထောင် ပို့ခဲ့သည်။

ယခုလ ၁၁ရက်နေ့တွင်  မင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက် ကျောင်းသား ၉ ဦးနှင့် ကိုမင်းဇေယျ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ၁၄ဦးကို ထောင်ဒဏ် (၆၅)နှစ် ချမှတ်ခဲ့သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။