ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ရရှိရေး တောင်းဆိုဆန္ဒပြ

ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ မိမိတို့ ရရှိသင့်သည့် အခွင့်အရေးများကို ပေးရန် ထိုင်းအလုပ် သမား ရေးဝန်ကြီးဌာနရုံးရှေ့တွင် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဘန်ကောက်ရှိ ထိုင်းအလုပ်သမားရေးဝန်ကြီးရုံးရှေ့တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ၄၀၀ ခန့် ထိုင်းအလုပ်သမားအခွင့်အရေးနှင့် တန်းတူပေးရန် ယနေ့နံနက် (၈)နာရီမှ (၁၂) နာရီအထိ တောင်း ဆို ဆန္ဒပြကြသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ကိုအောင်မြင့်သိန်းက ယခုလို ပြောသည်။

“အဓိက တောင်းဆိုတာကတော့ အလုပ်သမားတွေ လုပ်အားခ အခွင့်အရေး၊ ပြီးလို့ရှိရင် နေမကောင်း တဲ့အခါ လွတ်လွတ်လပ်လပ်နဲ့ ဆေးကုသခွင့်။ တလောက ထိုင်းဝန်ကြီးချုပ် စမွတ်ဆာခေါန် သွား တုန်းက ပိတ်ပင်ထားတဲ့ ဒီ စမွတ်ဆာခေါန်ပြည်နယ်ဆိုလို့ရှိရင် ကိုယ်ဝန်သည်တွေကို၊ ဗိုက်ကြီးသည် တွေကို ကလေးမွေးခွင့်မရှိဘူး။ ဗိုက်ကြီးသည်တွေဆို မြန်မာပြည် အဲလို ပြန်ပို့တယ်။ လာအိုဆိုလည်း လာအိုပြန်ပေါ့။ အဲဒါတွေ မလုပ်ဖို့။”

ခရိုင်တချို့တွင် ထုတ်ပြန်ထားသော အလုပ်သမားများအား ကန့်သတ်ချုပ်ချယ်သည့် အရေးပေါ် ဥပဒေများကို ရုတ်သိမ်းရန်လည်း အလုပ်သမားများက တောင်းဆိုခဲ့ကြသည်။

“ပြီးလို့ရှိရင် ဖတ်တိုင်း(ထိုင်းနိုင်ငံတောင်ပိုင်း)တွေမှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆိုရင် တယ် လီဖုန်း မကိုင်ရဘူး။ လူငါးယောက်ထက် ပိုမစုရဘူး။ မော်တော်ဆိုင်ကယ်တစီးကို ကိုယ်ပိုင်မငှားရ တို့ပေါ့နော်။ အဲဒီဟာတွေကို အဲဒီလိုမျိုး မလုပ်ဖို့ကို အဲဒီ ဥပဒေတွေကို ပြန်ပြင်ပေးပါဆိုပြီး ထိုင်းအ လုပ်သမားရေးဝန်ကြီးရုံးကို ကျနော်တို့ တောင်းတာပါ။ ”

ထိုင်းအဲန်ဂျီအိုအဖွဲ့အစည်းများနှင့် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်း ပေါင်း ၂၈ ဖွဲ့ စု ပေါင်းကာ အလုပ်သမားအခွင့်အရေး ပြန်လည်ရရှိရေး တောင်းဆိုချက် စာတမ်းအား ထိုင်းအလုပ်သမားရေး ၀န် ကြီးရုံးမှ တာဝန်ရှိသူကို ပေးအပ်ခဲ့သည်။ထိုင်းအလုပ်သမားရေးဝန်ကြီးရုံး၏ တာဝန်ရှိသူက ယင်းစာတမ်းကို ထိုင်း ၀န်ကြီးချုပ်ထံ အရောက်ပို့ပေးမည်ဟု ပြောဆိုသည်။

ယနေ့ ဆန္ဒပြပွဲကို ထိုင်းအစိုးရမဟုတ်သည့် မဲခေါင်မြစ်ဝန်းဒေသ ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့် ရှောက်ရေး အဖွဲ့၊ မက်ပ်ဖောင်ဒေးရှင်းစသည့် အဲန်ဂျီအို အဖွဲ့အစည်းများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီပေးနေသည့် အဖွဲ့အစည်းများ ပူးပေါင်း၍ ပြုလုပ်ကြသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမာများအတွက် ကာကွယ်ပေးသည့် ဥပဒေ နည်းပါးနေသေး သည်ဟု ယနေ့ ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သူ မသက်သက်ဦးက ပြောသည်။

“လုပ်ငန်းခွင်ထဲမှာ ထိခိုက်ကြတာ၊ ရန်ဖြစ်ကြတဲ့အခါလည်းရှိတယ်။ တချို့ထိုင်းတွေက ရန်ဖြစ်ကြ တဲ့အခါ ပါးစပ်နဲ့တင် မဟုတ်ပဲနဲ့ လက်နဲ့ပါတဲ့အထိ ဖြစ်လာကြတဲ့အခါမှာ အဲလိုတွေကျတော့ ဒီထိုင်း လုပ်ငန်းရှင်တွေကလည်း မြန်မာပြည် ဘက်ကနေ မားမားမတ်မတ် မရပ်တည်ပေးဘူး။ အဲမှာ တကယ့် ဥပဒေ လမ်းကြောင်းနဲ့ပေါ့နော် ပတ်သက်လာတဲ့ အခါမှာ အဲမှာ ဥပဒေတွေလည်း လိုနေသေး တယ်ပေါ့နော်၊ ဒီလုပ်ငန်းခွင်ကတော့ လုပ်ငန်းခွင်ထဲမှာ ရန်ဖြစ်ရင် အလုပ်ထုတ် ပစ်လိုက်မယ် ဆိုတာ လောက်ပဲ ရှိတာပေါ့နော်၊ အလုပ်ထုတ်ပစ် လိုက်တာထက် တကယ့် ရာဇ၀တ်မှု လိုမျိုး၊ ပြစ်မှုလို မျိုးရှိ ရင် တကယ့်သွေးထွက်သံယို ဖြစ်လာခဲ့မယ်ဆိုရင် ဥပဒေအရ အရေးယူပေးဖို့လိုအပ်တယ်လေ။ ကျမ တို့အတွက်။ အဲဒီဟာလေးကို ကျမတို့က ပြင်ဆင်စေချင်တာ။ ”

ထိုင်းအလုပ်သမားရေး ၀န်ကြီးဌာနရှေ့တွင် ဆန္ဒပြပြီး နေ့လည် ၁၂ နာရီကျော်တွင် အလုပ်သမားရေး ၀န်ကြီး ဌာနရုံးမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအဲန်)ရှေ့တွင် ဆန္ဒပြကြသည်။  အလုပ်သမား များ၏ တောင်းဆိုချက် စာတမ်းကို ယူအဲန်ရုံး အရာရှိတဦးက လက်ခံခဲ့သည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိန်းအမှတ် အနေဖြင့် ဘန် ကောက်နှင့် မဲဆောက်မြို့များတွင်လည်း မြန်မာအလုပ်သမားများက အခမ်းအနားများ ကျင်းပခဲ့ကြသည်။ မြန်မာ အလုပ်သမား ၃၀ ကျော် မဲဆောက်ဆေးရုံးကြီးတွင် သွေးလှူတန်းခဲ့ကြသည်။

မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့များ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင်  မြန်မာရွှေ့ပြောင်း အလုပ်သမား တသန်းခွဲကျော် ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။