|
မံစီမြို့နယ်အတွင်း တရုတ်ဆိုင်ကယ်များ ဖမ်းဆီး
အာဏာပိုင်များက ဖမ်းဆီးရမိ ဆိုင်ကယ်အချို့ကို ကိုယ်ပိုင်သိမ်းယူ
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဒီဇင်ဘာလ (၁၈) ရက်၊ ၂၀၀၇ ခုနှစ်။
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း ဒီဇင်ဘာ(၁၇)ရက်နေ့တွင် တရုတ်ပြည်ဘက်မှ
တင်သွင်းလာသော တရုတ် ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ပြီး အချို့ကို
ဖမ်းဆီးရမိစာရင်းတွင် မတင်တော့ဘဲ ကိုယ်ပိုင်အဖြစ် သိမ်းယူခဲ့သည်။
မံစီမြို့မှ မန္တလေးဘက်အထွက် လေးမိုင်အကွာရှိ မန်မကောက်ကျေးရွာအနီးရှိ ကြက်ဆူခြံ
အနီးတွင်း မံစီမြို့နယ် မယကနှင့် စရဖအဖွဲ့တို့ ပူးပေါင်းအဖွဲ့က တရုတ်ပြည်ဘက်မှ
လာသည့်ဆိုင်ကယ်အစီးနှစ်ဆယ် ဖမ်းဆီးခဲ့ သည်ဟု မံစီဒေသခံမျက်မြင်သက်သေတဦးက
ပြောသည်။
“ကျနော်တို့ မံစီမြို့နယ် မယကနဲ့ စရဖတို့ကပေါင်းပြီး မန်မကောက်၊ ကြက်ဆူခြံမှာ
မနေ့ညက လိုင် စင်မဲ့ဆိုင်ကယ် အစီးနှစ်ဆယ်ဖမ်းတယ်။
လိုင်စင်မဲ့ဆိုင်ကယ်အစီးနှစ်ဆယ်မှာ ခုနှစ်စီးဟာ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေရဲ့
ဆိုင်ကယ် ဖြစ်နေလို့ လွှတ်ပေးလိုက်တယ်။ အဲဒီမှာ ဆယ့်သုံးစင်းကျန်တယ်။ အဲဒီ
ဆယ့်သုံးစင်းကို ဖမ်းလာတဲ့ခါမှာ ခြောက်စင်းကိုဘဲ စာရင်းအဖြစ်တင်တယ်။
ခုနှစ်စင်းကို ဖျောက်ပစ် လိုက်တယ်။ အသစ်တွေ၊ တရုတ်ပြည်က ၀င်လာတာ။ ဂျာလင်းတို့၊
ဝမ်းတူးဖိုက်အမျိုးအစားဖြစ်တဲ့ ကင်ဘိုတို့၊ လော်ဂျာတို့၊ အမျိုးအစား
အမျိုးအမျိုးပေါ့၊ ဆိုင်ကယ်ကယ်ရီဝင်လာတာ၊ အသစ်တွေပေါ့။ ”
ဟု မံစီဒေသခံက ပြောသည်။
ဆိုင်ကယ်သယ်လာသူများမှ ရွှေဘို၊ မုံရွာ၊ မတ္တရာစသည့် မြန်မာပြည်
အလယ်ပိုင်းမှဖြစ်ပြီး ဆိုင်ကယ်တစီးလျင် အမြတ်အစွန်းတစ်သောင်းဝန်ကျင်ရကြပြီး
စွန့်စားလုပ်ကိုင်ရင်း အခုလို ဖမ်းဆီးခံရပါက ဆိုင်ကယ်ကယ်ရီသမား များမှာ
အတော်လေး ဒုက္ခရောက်ကြရသည်ဟု အဆိုပါ ဒေသခံ မျက်မြင်သက်သေက ပြောသည်။
“အဲဒီမှာ
ဆိုင်ကယ်တစီးတန်ဘိုးဆိုရင် ဂျာလင်း(တံဆိပ်)ဆိုရင် လေးသိန်းကျော်လောက်မှာ
ရှိတယ်။ တရုတ်ငွေ နှစ်ထောင့်လေးရာပေါ့။ အောက်ပိုင်းကဆိုတဲ့နေရာမှာ
တစင်းတစင်းမှာ တစ်သောင်း၊ နှစ် သောင်း ကျန်ဆိုပြီးမှ ငွေလေးချေးပြီး
လုပ်ကိုင်ကြတဲ့လူက များတယ်။ မနေ့က ဖမ်းတဲ့ခါမှာ တချို့ဆို ငိုပြီး
ပြန်သွားကျတယ်။ အခြေအနေ ပျက်ပြီးတော့။ ယောကျားတန်မဲ့ ငိုပြီး ပြန်သွားကြတာ။”
တရုတ်ပြည်လုပ်ဆိုင်ကယ်များသည် ဂျပန်နိုင်ငံလုပ် ဆိုင်ကယ်များထက် ဈေးနူန်းသက်သာ
သဖြင့် မြန်မာနိုင်ငံမှ လယ်သမားများပင် အသုံးပြုနေကြသကဲ့သို့ အိန္ဒိယဘက်မှလည်း
အ၀ယ်လိုက်နေသဖြင့် တရုတ်နယ်စပ် ကျယ် ဂေါင်မြို့မှ နေ့စဉ် ဆိုင်ကယ်အစီး
ရာနှင့်ချီ မှောင်ခိုတင်သွင်းလျက်ရှိနေသည်။
|