ကရင် တိုက်ပွဲများအတွင်း ကချင်ပြည်အခြေစိုက် စစ်သားများ အကျအဆုံးများ

ဇော်ကြီး။
ဇန္န၀ါရီလ ၁၉ ရက်၊ ၂၀၀၉ ခုနှစ်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော မြန်မာအစိုးရတပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တို့အကြား တိုက်ပွဲများတွင် ကချင်ပြည်နယ်အခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့များမှ ရဲဘော်များ အကျအဆုံး များသော ကြောင့် မြောက်ပိုင်းတိုင်း တိုင်းမှူးက ကချင်ပြည်နယ်အတွင်း မြို့ရွာများရှိ ဘုန်းကြီးကျောင်းများတွင် အန္တရာယ် ကင်း ပရိတ်များ ရွတ်ဖတ်ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

လွန်ခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းမှစ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် ကရင်ပြည်နယ် ထိုးစစ်များတွင် မြောက်ပိုင်း တိုင်း အခြေစိုက် တပ်ရင်းများမှ စစ်သားများ အကျအဆုံး များခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မိုးကောင်းမြို့ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“အခု ၂၀၀၈ ခု နှစ်ကုန်ပိုင်းကစပြီးတော့မှ အခုရက်အထိပေါ့လေ ဒီစကခ (၃) ကနေပြီး၊ စကခ(၃)က ဒီ မိုးကောင်းတပ်တည်ကိုး၊ သူက ကရင်ပြည်နယ်မှာသွားတိုက်တော့ အကျ အဆုံးများလို့ဆိုပြီးတော့မှ ဒီ ကချင်ပြည်နယ်မှာရှိတဲ့ မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ ဘုန်းကြီး ကျောင်းတွေကို ပဌာန်းတွေ ရွတ်ခိုင်း တယ်၊ ပရိတ်တွေရွတ်ခိုင်းတယ် အန္တရာယ်ကင်းအောင် လို့ပေါ့လေ ပြောရမယ်ဆိုရင် အကျအဆုံး မများအောင်လို့ပေါ့။”

ကချင်ပြည်နယ်ရှိ မြို့အတော်များများနှင့်  စကခ(၃) လက်အောက်ခံ တပ်ရင်းများ၏ အခြေစိုက်ရာ မြို့များ ဖြစ်သော မိုးကောင်း၊ နမ္မတီး၊ မြစ်ကြီးနားမြို့များရှိ ဘုန်းတော်ကြီး ကျောင်းများတွင် အဓိကထား၍ ရွတ်ဆိုခိုင်း နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ရုံး စကခ(၃) အခြေစိုက်ရာ မြို့ဖြစ်သည်။

KNLA အထူးတပ်ရင်းအမှတ် (၁၀၃) ဌာနချုပ် စခန်းကုန်းအား မြန်မာစစ်အစိုးရ တပ်များက လွန်ခဲ့သည့် တစ်ပါတ်ကျော်က သိမ်းပိုက်ခဲ့ပြီးနောက် မြောက်ဖက်ရှိ တပ်ရင်း (၂၀၁)၏ ၀ါးလေခီးစခန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။