မြစ်ကြီးနားတွင် ခရစ်ယာန်အသင်းတော်အားလုံး၏ (၂၄)နာရီကြာ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇန်န၀ါရီလ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်။

မြစ်ဆုံရေကာတာ ရပ်တန့်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားဒေသအတွင်းရှိ ခရစ်ယာန်အသင်းတော်(၅၉)ခု၏ အသင်းဝင်များ၏ (၂၄)နာရီ ကြာ ၀တ်ပြုဆုတောင်းပွဲကို ယမန်နေ့မနက်(၅)နာရီတွင် စတင်ပြုလုပ်ခဲ့ သည်။

မြစ်ဆုံရေကာတာမဖြစ်မြောက်ရေးနှင့် မြစ်ဆုံရေကာတာကြောင့် ရွှေ့ပြောင်းခံရမည့် တန်ဖရဲကျေးရွာ အပါအ၀င် ကျေးရွာများမပြောင်းရွှေ့ရရေး၊ ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း ကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်လာမှုကြောင့် ဒေသခံများကြုံတွေ့ရသည့် ဘေးဒုက္ခများ လွတ်မြောက်ရေးနှင့် လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေအနေ ကောင်းမွန် လာရေးအတွက် ရည်ရွယ်ပြီး ဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၀တ်ပြုဆုတောင်းပွဲတွင် ဦးဆောင်သည့် ခရစ်ယာန်ဘာသာရေးဆရာက ပြောသည်။

“မြစ်ကြီးနားဇုံနယ်မှာရှိတဲ့ အသင်းတော်(၅၉)ပါးကနေ ဒီမနက် (၅)နာရီကနေ မနက်ဖြန် မနက်(၅)နာရီအထိ (၂၄)နာရီကြာ ဆုတောင်းတဲ့ အစီစဉ်ရှိတယ်။ ကိုယ့်အသင်းတော်နဲ့ ကိုယ့်အစီစဉ်နဲ့ လုပ် တာက ကြာလှပြီ။ ဒါပေမယ့် ဒီအစီစဉ်ကတော့ တပြိုင်တည်းပေါ့နော်၊ မြစ်ကြီးနားမှာရှိတဲ့ အသင်း တော် (၅၉)ပါးက တပြိုင်တည်း လုပ်တာ ဖြစ်တယ်။ ပထမဆုံးအကြိမ်ဖြစ်တယ်။”

မြစ်ဆုံရေကာတာတည်ဆောက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ကာ ဒေသတခုလုံးအတွက် ဆိုးကျိုး သက်ရောက်မှုများ ဖြစ်စေနိုင်သဖြင့် ပြည်တွင်း၊ ပြည်ပရှိ ခရစ်ယန်ဘာသာအပြင် အခြား ဘာသာပေါင်းစုံများ လည်း ၀ိုင်းဝန်းကူညီ ဆုတောင်းပေးကြရန် အဆိုပါ ဘာသာရေးဆရာက ပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းသည် မြစ်ကြီးနားမြို့အထက် (၂ရ)မိုင်အကွာ တန်ဖရဲကျေးရွာအနီးတွင် ရေကာတာ တည်ဆောက်ကာ လျှပ်စစ်ထုတ်လုပ်မည်ဖြစ်ပြီး တန်ဖရဲကျေးရွာ အပါအ၀င် ကျေးရွာ(၆၀)ခန့် ရွှေ့ပြောင်းရမည့် အပြင် မြစ်ဆုံဒေသပါ ရေအောက်နစ်မြုပ်ပျောက်ကွယ်သွားနိုင်၍ ဒေသခံကချင်လူထုများ အပါအ၀င် ကချင် ကျောင်းသားသမဂ္ဂ၊ ကချင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်နှင့် ခရစ်ယာန်ဘာသာရေးအဖွဲ့များက မကြာခဏ ဆိုသလို မြစ်ဆုံရေကာတာ ရပ်တန့်ရေး ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်နေကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။