ပထမဆုံးအကြိမ် ချင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှုရရှိ

မတ်လ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) အကြား ငြိမ်းချမ်းရေးအတွက် ပထမအကြိမ် အကြို ညှိနှိုင်း အစည်းအဝေးတွင် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသား တပ်ဦးက ပြောသည်။

ချင်းပြည်နယ်နှင့် အိန္ဒိယ နိုင်ငံနယ်စပ် ရိဒ်မြို့တွင် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် တွေ့ဆုံခဲ့ကြရာ ဆွေးနွေး ပွဲသည် အပြုသဘောဆောင်သည်ဟု စီအဲန်အက်ဖ်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရွှေခါး က ပြောသည်။

“ကျနော့် အမြင်ကတော့ ဆွေးနွေးပွဲဟာ အောင်မြင်တယ်၊ ရှေ့ကို ပေါ့စတပ် ဖက်ကို သွားမယ့် လမ်းကြောင်းကို ရှေ့ရှု နေတယ်လို့တော့ ကျနော်တော့ သုံးသပ်မိပါတယ်။ ”

တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦးဘက်မှ ဒေါက်တာရွှေခါးနှင့် ဒုတိယအဖွဲ့ ခေါင်းဆောင် ပူးဝေါလ် စမစ် ဦးဆောင်ကာ အဖွဲ့ (၁၀)ဦးပါဝင်ပြီး မြန်မာစစ်အစိုးရဖက်မှ အနောက်မြောက်တိုင်း တပ်မတော်ရေးရာ လုံခြုံရေး အဖွဲ့မှ  ဒုတိယ ဗိုလ်မှူးကြီးမင်းထိန်က ဦးဆောင်ပြီး ဗိုလ်မှူးဇော်မင်းဦးနှင့် ဟားခါးမှ စရခ တပ်မှူး ဗိုလ်ကြီး စိုးမင်းတို့လိုက်ပါသည်။

ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့သော်လည်း ဆွေးနွေးမည့် ရက်ကို အတိအကျ မသတ်မှတ်ရသေးကြောင်း စီ အဲန်အက်ဖ် အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး လည်းဖြစ်သူ ဒေါက်တာ ရွှေခါးက ပြောသည်။

“အခု ဒီတစ်ခေါက်တော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုဟာ ယုံကြည်မှု၊ ရင်းနှီးမှု သွားပြီးတော့ တည်ဆောက် တာပေါ့။ ပြီးတော့ နောက်ထပ် တွေ့ဆုံဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက် တော့ ရှိတယ်။ နှစ်ဦးနှစ်ဖက် ကျ နော် တို့ ညှိနှိုင်းပြီးတော့ အဆင်သင့်ဖြစ်တဲ့အခါမှ တွေ့ဆုံဖို့ဆိုပြီးတော့ တိတိကျကျ မသတ်မှတ်ပဲနဲ့ အဲဒီလိုပဲ ကျနော်တို့ ပြန်လာခဲ့တယ်၊ ”

နောက်ထပ်မံတွေ့ဆုံဆွေးနွေးလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးကို ရှေးရှု သည့် အခြေခံမူအောက်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း စီအဲန်အက်ဖ်က ပြောသည်။

၁၉၈၈ လူထုအုံကြွမှုနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည့် ချင်းအမျိုးသားတပ်ဦးနှင့် မြန်မာစစ်အစိုးရအကြား တွေ့ဆုံ ဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်၊

ချင်းအမျိုးသားတပ်ဦးသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်နှင့် ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရန် ရည်ရွယ်ပြီး ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း ချင်းကျောင်းသားများ ပူးပေါင်းပါဝင်လာပြီးနောက် အင်အား တောင့်တင်း လာခဲ့ခြင်း ဖြစ်သည်။

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။