ထိုင်းနိုင်ငံနေရာအနှံ့အပြားတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ  ကျင်းပ

ခွန်အောင်မြတ်။                                                                                                            ဇွန်လ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

ယနေ့ကျရောက်သည့် ၆၂နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း အလုပ်သမားများက ဒေသအသီးသီးတွင် အခမ်းအနားများ ကျင်းပကာ ဒေါ် အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်ပေးရန် တောင်းဆိုကြသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေးအကျဉ်းသားများနှင့် လတ်တလော အထိန်းသိမ်း ခံထားရသည့် လူ့အခွင့်အရေးလှုပ်ရှားသူများကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန်နှင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားသည်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ထိုင်းနိုင်ငံအတွင်း လှုပ်ရှားမှုများကို အဖွဲ့ချုပ်၏ တွဲဖက်အထွေထွေ အ တွင်းရေးမှူး(၂) မဒွဲလိန်က ယခုလို ပြောသည်။

“ဒေသတိုင်း ဒေသတိုင်းမှာ ဆွေးနွေးပွဲလေးတွေ နောက်ပြီး လူထုကြားသွားပြီး လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးမှ ဆွေးနွေးပွဲတွေ ကျမတို့ လုပ်တာရှိတယ်။ နောက်ပြီး ဆိုလို့ရှိရင် လောလောဆည် ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို လက်ကမ်းစာစောင်တွေ ထုတ်ဝေပြီးမှ လူထုကြားမှာ အခြေအနေတွေ ပိုမိုသိလာအောင် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ တာတို့၊ အခမ်းအနား လုပ်တာတို့၊ လက်ရှိနိုင်ငံရေး အခြေအနေတွေ ပြောဆိုဆွေးနွေးတာတို့ ကျမ တို့ လုပ်ပါတယ်။”

ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာအရေးလှုပ်ရှားသူများနှင့် အလုပ်သမားများကြားတွင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံနှင့် အတူ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ‘အခြေခံရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်တာ ရာဇ ၀တ်မှုလား’ ဆိုသည့် စာသားကို  ရိုက်နှိပ်ထားသော မတ်ခွက်များကို ဖြန့်ဝေခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရန် တောင်းဆိုသည့် ပိုဒ်စ်ကဒ်များကို မြန်မာသံရုံးသို့ ပေးပို့ရန်အတွက် ဖြန့်ဝေခဲ့သည်။

မဲဆောက်မြို့နယ်အတွင်း၌ ထိုင်း-မြန်မာနယ်စပ် အမျိုးသမီးများ လှုပ်ရှားမှုကော်မတီက ဦးဆောင်၍ ဒေါ်အောင် ဆန်းစုကြည်မွေးနေ့ အခမ်းအနားကျင်းပရာ မြန်မာ့အရေးလှုပ်ရှားသူ များနှင့် အလုပ်သမားများအပါအ၀င် အင်အား ၃၀၀ ခန့်က ဒေါ်အောင်ဆန်းစုကြည် ပုံပါသည့် တီရှပ်အင်္ကျိများ ၀တ်ဆင်၍ တက်ရောက်ခဲ့သည်။

ယင်းအခမ်းအနားသို့ ဒေါက်တာ စင်သီယာမောင်၊ ဒေါက်တာ ခင်စောဝင်းနှင့် ကေအဲန်ယူမှ ဗိုလ်ချုပ်ကြီး တာမ လာဘော တို့တက်ရောက် အမှာစကားပြောကြသည်။ တက်ရောက်လာသူ များကို မြန်မာပြည်တွင်းရှိ မစုစုနွေး၊ လယ်သူမကြီး ဒေါ်ခင်ဝင်း၊ မဖြူဖြူသင်းတို့၏ လှုပ်ရှားမှုများကို ဗီဒီယို ဆက်လိုက်ဖြင့် ပြသခဲ့သည်။

အမျိုးသမီးအဖွဲ့ (၆) ဖွဲ့ ပူးပေါင်းထားသည့် ထိုင်း-မြန်မာနယ်စပ် အမျိုးသမီးများ လှုပ်ရှားမှုကော်မတီ၏ ပြောရေး ဆိုခွင့်ရှိသူ ထားဝယ်အမျိုးသမီးသမဂ္ဂမှ တာဝန်ရှိသူ မတင်တင်ခိုင် ယနေ့ အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ် သက်၍ ယခုလိုပြောသည်။

“ကျမတို့ ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဒီဒုက္ခအ၀၀ကို ကျမတို့ လွတ်မြောက်ပြီးတော့ ဒီမို ကရေစီရရှိဖို့ ဒီမှာ ကျမတို့ ကြွေးကြော်သံတွေနဲ့ ကျမတို့ ပြောတယ်။ နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေပေါ့နော် တိုင်းရင်းသားတွေ အကုန်လုံး တိုင်းရင်းသားခေါင်းဆောင် တွေရော ပြည် တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ ကျမတို့တောင်းဆိုတယ်။ နောက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ စကား တခုရှိတယ်လေ။ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုပြီးတော့ ကျမတို့ အဲဒါတွေပါ ကျမတို့ တောင်းဆိုတယ်။”

ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆောင်မြို့ရှိ အမျိုးသမီးအဖွဲ့အစည်းများကလည်း အခမ်းအနားတရပ် စုပေါင်း ကျင်းပကာ ကျောင်းသားလူငယ်များအား ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် စကားရည်လုပွဲများ၊ ဒေါ်စု ကိုယ်ရေးရာဇ၀င် နှင့်ပတ်သက်သည့် အမေးအဖြေ ကဏ္ဍများ ပြုလုပ်ကြသည်။

မွေးနေ့ဆိုသည်မှာ သာမန်လူတွေအတွက် ပျော်ရွှင်ဖွယ်နေ့ ဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျယ်ချုပ်သက်တမ်းထပ်မံတိုးခဲ့သည်ကို ၀မ်းနည်းခဲ့ရကြောင်း အခမ်းအနားကို ဦးဆောင်သည့် နယ်စပ်ဒေသ ရောက် တိုင်းရင်းသား အမျိုးသမီးများ ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းရီ က ပြောသည်။

“ဒါပေမယ့် ကျမတို့မှာက တခုသတိထားရမှာက ဒေါ်စု သက်တမ်းတကြိမ်တိုးလိုက်လို့ ၀မ်းနည်းနေ ရုံနဲ့ ပြီးမှာလား။ ၀မ်းမနည်းပဲနဲ့ ဒေါ်စုသက်တမ်းတကြိမ် တိုးလိုက်တာနဲ့ ကျမတို့ လူထုတွေရဲ့ စိတ် ဓာတ်ကို နောက်ထပ် အကြိမ်ပေါင်း မြောက်များစွာ ဖိအားပေးလိုက်သလိုပဲ ဆိုတာကိုတော့ သတိထား စေချင်တယ်။ ဘာကို ဖိအားပေးသလဲ ဆိုလို့ ရှိရင် ကျမတို့ လိုချင်နေတဲ့ ဒီမိုကရေစီတို့၊ ငြိမ်းချမ်း ရေးတို့ဆိုတာဟာ ဒေါ်စုက အခုလိုမျိုး အကျယ်ချုပ်ဘ၀ကနေ ပြီးတော့ မှ ကျမတို့ကို တိုက်တွန်းနေ သလိုမျိုး နိုးဆော်နေသလိုပဲ ဆိုတာ သတိထားစေချင်တယ်။”

ယနေ့ညတွင် ထိုင်းနှင့်ဘန်ကောက်မြို့တို့တွင်လည်း မြန်မာအရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာမှ ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံသူများက မွေးနေ့ပွဲ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်ကို ထိုင်း၊ ဂျပန်၊ အမေရိကန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ဂုဏ်ပြုအခမ်းအနားများကို အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်းအရေးအခင်းပြီးနောက် နေအိမ်ကျယ် ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ လွန်ခဲ့သောလက လေးနှစ်ပြည့်ခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်း အ၀ိုင်းက သူမအားလွှတ်ပေးရန် တောင်းဆိုကြသော်လည်း စစ်အစိုးရက လက်မခံခဲ့ပေ။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။