ရဲဖမ်းမည့် သတင်းကြောင့် ထောင်ချီသည့် အလုပ်သမားများ ပုန်းရှောင်

ခွန်အောင်မြတ်။
ဇူလိုင်လ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

အာဏာပိုင်များက ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ခရိုင်တွင် ထောင်နှင့် ချီသည့် မြန်မာ အလုပ်သမားများ တောတောင်များအတွင်း၌ ပုန်းအောင်းနေကြသည်။

ယခုရက်ပိုင်းအတွင်း ဘန်ကောက်မှ အထူးရဲများ လာရောက် စစ်ဆေးဖမ်းဆီးမည်ဟု သတင်းထွက်နေသည့် အ တွက် မိသားစုလိုက် တောထဲတွင်  ပုန်းရှောင်နေကြရကြောင်း ပန်းရံအလုပ်သမတဦးက ပြောသည်။

“ကလေးတွေက လေးငါးခြောက်ယောက်လောက် ပါမယ်။ မိသားစုကတော့ အိမ်ထောင်သည်တွေ ချည်း ပါပဲ။ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ ဒီမှာ ဒုက္ခတွေ ရောက်နေတာပေါ့။ ဒုက္ခ အမျိုးမျိုး တွေ တွေ့နေရတယ်။ ခြုံပုတ်ကြို ခြုံပုတ်ကြားမှာပဲ။ တောရိုင်းတောရိုင်း သတ္တ၀ါတွေလည်း မရှိဘူး၊ တောရိုင်းလို့ အောက်မေ့တာပဲ။ သုံးရက်လေးရက်လောက်တော့ ရှိပြီ။ နောင်လည်း နေရအုံးမယ်လို့ ကြားတယ်။”

တောထဲတွင် အုပ်စုလိုက် ပုန်းရှောင်နေကြသည့် အလုပ်သမားများမှာ ပြင်ပသို့ မထွက်ရဲသဖြင့် စားရေးသောက် ရေး အခက်အခဲနှင့် ကြုံတွေ့နေကြရသည်ဟု ပန်းရံလုပ်ကိုင် အလုပ်သမား ကိုဆန်းလွင်က ပြောသည်။

“ပုန်းရှောင်နေရတဲ့ အခြေအနေကတော့ လောလောဆယ် ဗိုက်ပြည့်အောင်လည်း မစားရဘူး။ ခြင် ကိုက်တယ်။ အဲလိုပဲ ကျနော်တို့ ကြုံရာ စားနေရတာပေါ့။ အခု စားဖို့အခြေအနေက ကျနော်တို့ ခိုလှုံနေရတဲ့ နေရာက တနေရာ နဲ့ တနေရာ မတူကြဘူးလေ။ ဥပမာ ဆီခြံမှာဆိုတော့လည်း စားစရာ မရှိဘူးပေါ့။ ကျနော်တို့ အုန်းခြံရှိတော့လည်း အုန်းသီးတွေ ဘာတွေ ခူးစား။ အဲဒါမျိုးပေါ့။” 

လသားကလေးငယ်များ ပါသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်မှုများရှို အခက်အခဲဖြစ်ရသည်ဟု ကိုဆန်းလွင်က  ပြောသည်။

“ကျနော့်မှာဆို ကလေးတွေနဲ့ဆို ပိုဆိုးသေးတယ် ကျနော့်က။ မိသားစုက အခုက ငါးယောက်ဖြစ်နေ တာပေါ့။ ဒီ ခုနှစ်လသား ကလေးတစ်ယောက်က ပါသေးတယ်။ ကျနော့်မှာ။ အဲကလေးက ပုခက်နဲ့။ ရှစ်တန်းအောင်က တစ်ယောက်၊ ကိုးတန်းအောင်က တစ်ယောက် နှစ်ယောက် ရောက်နေတာပေါ့ ကျနော့်ဆီကို။ ကျနော်လည်း ကျောင်းမထား နိုင်တော့ဘူးလေ။”

စားသောက်ရေး အခက်အခဲနှင့် ပတ်သက်၍ အလုပ်သမတဦးဖြစ်သူ ဒေါ်ဝင်းက “အစ်မတို့ကတော့ တောထဲ ကို ပြေးလာချိန်မှာ ကြက်ဥတွေ ပြုတ်လာတာပဲ။ ကြက်ဥပြုတ်နဲ့ စားလိုက်တာပဲ။ ထမင်းသိုးနဲ့ စားတဲ့ နေ့လည်း စားလိုက်တာပဲ။ အိုးတွေ ခွက်တွေ မရှိဘူး။ အိမ်ကနေ ထမင်းကို တပြည်လောက် ချက် လာ၊ စားနိုင်သလောက် စားထား မကုန်တဲ့ဟာ ထားထား၊ နောက်နေ့ ဆာရင် ရေဆေးပြီး ပြန်စားပြန် ပေါ့။ ” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားအတွက် အလုပ်သမားမှတ်ပုံတင် သက်တမ်းတိုးရန် သတ် မှတ်ချိန်မှာ လွန်ခဲ့သည့်လက ကုန်လွန်သွားပြီဖြစ်၍ ယခုလဆန်းပိုင်းမှစပြီး ထိုင်းနိုင်ငံအနှံ့ အလုပ်သမားများကို ရှာဖွေဖမ်းဆီးမှု တိုးမြှင့် လုပ်လာသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။