ဗန်းမော်ခရိုင်တွင် တရုတ်ဖုန်းများ ဖမ်းဆီး

သတင်းနှင့် မီဒီယာကွန်ယက်။
နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း အသုံးပြုနေကြသည့် တရုတ်နိုင်ငံသုံး ဖုန်းများကို ဒေသခံ အာဏာပိုင်များ က လွန်ခဲ့သည့် သောကြာနေ့မှစ၍ လိုက်လံဖမ်းဆီး သိမ်းယူနေသည်။

တရုတ်နိုင်ငံသုံးဖုန်းများ ဖမ်းဆီးသိမ်းယူနေခြင်းကို ဗန်းမော်ဒေသခံတဦးက ယခုလို ပြောသည်။

“ကျနော်တို့ ဗန်းမော်မှာရှိတဲ့ တရုတ်ဖုန်းတွေကတော့ အကုန်လုံး ဖမ်းတဲ့ဟာဖမ်း၊ သိမ်းတဲ့ ဟာသိမ်း လုပ်ကုန်ပြီ။ ဖုန်းက အလုံးရေအတိအကျတော့ မသိဘူး။ ဒါပေမယ့် တပ်ထားတာ မှန်သမျှ၊ ထင်ရှား တာမှန်သမျှ အကုန် သိမ်းသွားတယ်။ အငှားဆိုင်အနေနဲ့လည်း ဖွင့်ထားတယ်၊ နောက်ပြီးတော့ အိမ်တွေမှာလည်း မြင်နေရတာကို၊ ဧရိယာတိုင်တွေ ဖွင့်ထားတယ်ဆိုတော့။ သိမ်းတာ မယက ကနေ ဦးစီးပြီးတော့ ဆက်သွယ်ရေးရုံးဝန်ထမ်းတွေနဲ့ ပြည်သူ့ရဲရယ် သုံးဦး ပေါင်းပြီး သိမ်းတာ။ လူတော့ လောလောဆယ် ဘာမှမလုပ်ဘူး။ ဖုန်းပဲ သိမ်းတာ။ နာမည် မှတ်သွားတာပဲရှိတာ။ ဒီကိစ္စကို မိုး မောက်၊ လွယ်ဂျယ်၊ မံစီတို့ နယ်တွေအားလုံးကိုလည်း အမိန့် ထုတ်ထားတယ်၊ လွယ်ဂျယ်မှာလည်း သိမ်းတယ်လို့ သိရတယ်၊ ”

တရုတ်နယ်စပ်တလျောက်နှင့် မြန်မာပြည်အတွင်းပိုင်း၌ အသုံးပြုနေကြသည့် တရုတ်နိုင်ငံ သုံးဖုန်းများ သည် ယေဘူယျအားဖြင့် လက်ကိုင်ဖုန်းနှင့် ကြိုးမဲ့ ဧရိယာတိုင်ပါ အိမ်သုံးဖုန်းဆိုပြီး နှစ်မျိုး ရှိကာ ဖုန်းဖိုးကျသင့်ငွေ များကို နယ်စပ်ရှိ တရုတ်ဆက်သွယ်ရေးရုံးများနှင့် ဖုန်းဆိုင်များတွင် ပေးဆောင်ကြရ သည်။

ကချင်ပြည်နယ်အတွင်း တရုတ်ဖုန်းသုံးစွဲမှုအခြေအနေကို အဆိုပါ ဒေသခံက ယခုလို ဆက်လက်ပြော သည်၊

“တော်တော်သုံးတယ်။ မြန်မာပြည်တွင်း ဖုန်းတွေက သိပ်အားကိုးလို့ မရတဲ့ခါကျတော့။ လိုင်း ခဏ ခဏ ပြတ်တာ ကတမျိုး။ ဈေးနူန်းတွေက ကြီးတာကတမျိုးဆိုတော့ မသုံးနိုင်ကြဘူးလေ။ အဲဒီခါကျ တော့ တရုတ်ဖုန်းကိုပဲ အားပြုပြီး သုံးနေကြတာ။ ဒီမှာ လုပ်ငန်းလုပ်တဲ့ခါကျတော့ တရုတ်ပြည်နဲ့ပဲ လုပ်ကြတာများတယ်လေ ဒီဒေသမှာရှိတဲ့ လူတွေက။ ဖုန်းတလုံးရဲ့ ပေါက်ဈေးက ဒီမှာ သိပ်တော့ မရှိ ပါဘူး။ ခုနှစ်သောင်း၊ ရှစ်သောင်းလောက်ပေးရတယ် ပြောတယ်။ ဗမာငွေ။”

ပြီးခဲ့သည့်နှစ်များကလည်း တရုတ်ဖုန်းများကို အလားတူ သိမ်းယူခဲ့သော်လည်း နောက်ပိုင်း ပြန်လည်သုံးစွဲ ကြ သဖြင့် ယခုတဖန် သိမ်းဆည်းမှုပြုလုပ်လာခြင်း ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။