မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မတီဝင် လုပ်ကြံခံရ

ခွန်အောင်မြတ်။
ဧပြီလ ၂၀ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာစစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ခရိုင်ကော်မတီဝင် တဦး မော်လမြိုင်နှင့်မုဒုံ ကားလမ်းပေါ်ရှိ ကျေးရွာအနီးတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့က လုပ်ကြံရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ သည်။

ယခု ဧပြီလ ၁၈ရက်နေ့က မွန်ပြည်သစ်ပါတီ၏ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (ဗဟို) အတွင်းရေးမှူး ဖြစ်သည့် နိုင်မင်းနောင် အသက် (၄၀) ခန့်သည် ရိက္ခာဝယ်ယူရန် မော်လမြိုင် ဘဏ်မှ ငွေထုတ်ပြီး ပြန်လာစဉ် လုပ်ကြံခံရခြင်းဖြစ်သည်ဟု မဲဆောက်ရှိ မွန်ဆက်ဆံရေးရုံးမှ နိုင်ဥက္ကာမွန်က ပြောသည်။

ဟုတ်ကဲ့ ဟိုနေ့က သူမော်လမြိုင်ကနေ အဆင်းမှာပေါ့နော် အဲဒီမှာ ရိုဂိုးဆိုတဲ့ နေရာရှိတယ် ဖာအောက်နားမှာရှိတယ်ပေါ့နော်။ အဲဒီမှာ တပ်ပေါင်းစုဂိတ် တဂိတ်ရှိတယ်။ ဖြစ်ပုံကတော့ ဘယ်လို ပြောရမှာလဲ လုပ်ကြံတဲ့ပုံစံက အနောက်ကနေ ပစ်လိုက်တဲ့ပုံစံမျိုးပဲ။ သူက ဆိုင်ကယ်နဲ့ စီးသွားတယ် လေ။ မော်လမြိုင်ကနေ သူ့ရွာကို ပြန်တာပေါ့နော်။ သူက ကမာဝက် ဇာတိဆိုတော့ အဲအပြန်မှာပေါ့။ ပစ်တဲ့သူက အနောက်ကနေ လိုက်ပြီးတော့ ပစ်တဲ့ပုံစံမျိုးပေါ့။

နိုင်မင်းနောင်ကို လုပ်ကြံသော်လည်း ရိက္ခာဝယ်ယူရန်အတွက် ဘဏ်မှ ထုတ်ယူလာသည့် ငွေကျပ်သိန်း ၁၈၀ ကို ယူဆောင်သွားခြင်း မရှိခဲ့ပေ။

သူကလည်း အရင်ကဆိုလို့ရှိရင် မွန်ပြည်သစ်ပါတီကနေ ခွဲထွက်တဲ့ အဖွဲ့တွေရဲ့ လုပ်ဆောင်ချက် တွေကို တခါတလေ အမှားအယွင်းတွေ ရှိရင်လည်း ရှိမှာပေါ့နော်။ အဲဒါတွေကို သူကိုင်တွယ် ထားတာရှိတယ်။ နောက်ပြီးတော့ သူကလည်းအလုပ်လုပ်တဲ့ လူတယောက်လို့ ကျနော်မြင်တယ်။ အခု သူတို့လောလောဆယ် အပြောများတာ ပေါ့လေ။ ဗိုလ်လက်သီး လို့ခေါ်တဲ့ နိုင်အောင်နိုင်တို့အဖွဲ့လို့ ပြောတာပဲ။ ဒါပေမယ့် ပါတီကနေ အခု အဲလိုတော့ မပြောသေးဘူး။ ဟု နိုင်ဥက္ကာမွန်က ပြောသည်။

၎င်းလုပ်ကြံခံရခြင်းနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တစုံတရာမှတ်ချက် မပေးနိုင်သေးကြောင်း ဗဟိုရုံးက ပြောသည်။

နိုင်မင်းအောင်၏ ရုပ်အလောင်းကို မြန်မာရဲတပ်ဖွဲ့က မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးစစ်ချက်များ ပြုလုပ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင် သုဿန်သို့ မီးသင်္ဂြီုလ်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲသည့် အဖွဲ့ကာ မြန်မာစစ်အစိုးရက ကျင်းပသည် အမျိုးသားညီလာခံနှင့် ယင်းမှ ရေးဆွဲသည့် ဖွဲစည်းပုံအခြေခံဥပဒေကို မထောက်ခံကြောင်း တရားဝင်ငြင်းဆိုခဲ့သော အဖွဲဖြစ်သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။