ရွှေဘိုမှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ  နှောက်ယှက်ခံရ

သတင်းနှင့် မီဒီယာကွန်ယက်။                                                                                              ဇွန်လ၂၀ရက်၊ ၂၀၀၇ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိ့တွင် ကျင်းပသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၂)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို အမည်မသိလူတစုက နှောက်ယှက်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့က ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးသန်းညွှန့်နေအိမ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားကို နှောက်ယှက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ်စည်းရုံးရေး ကော်မတီအဖွဲ့ဝင်  ကိုအောင်မျိုးက ပြောသည်။

“အခမ်းအနား ကျင်းပနေစဉ်မှာ အဝေးကနေ လှမ်းပြီးတော့ ဖန်ပေသီးလုံးကို လောက်လေးဂွနဲ့ ပစ် တယ်ပေါ့။အဲဒါပစ်တာခံရတယ်။ အဝေးကနေလှမ်းပစ်ခံရတော့ လမ်းနဲ့အိမ်ခြံဝင်းက နည်းနည်း ကျယ် တယ်လေ။ အဝေးကလှမ်းပစ်တော့ ဘယ်လို လူတွေက ပစ်တယ်ဆိုတာ အတိအကျမပြောနိုင်ဘူး။ ကျနော်တို့ ပြန်တဲ့ခါမှာ ကျနော်တို့ သွားရာလမ်း ၀င်ပေါက် ထွက်ပေါက်တွေမှာ သံမှို၊ သွပ်မှိုတွေ ချ ထားတော့ ကျနော်တို့ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ မော်တော်ကားတွေ ဒါ အကုန်ပေါက်ကုန်တာ ပေါ့။” ဟု ၄င်းကပြောသည်။

အခမ်းအနားပြီးနောက် ပြန်လာသူများကိုလည်း ယင်းလူအုပ်က လမ်းတွင် ရန်စဆဲဆိုခဲ့သည်ဟု ကိုအောင်မျိုးက ဆက်လက် ပြောသည်။

အဆိုပါ မွေးနေ့ပွဲအခမ်းအနားသို့ လူ ၅၀ ခန့် တက်ရောက်ခဲ့ပြီး မွေးနေ့ပွဲကျင်းပသူများသည် ပထမပိုင်းတွင် ဘုန်းကြီးကျောင်းသို့သွားရောက်၍ ဆွမ်းကပ်၊ သီလယူ၊ အမျှပေးဝေပြီး ဒုတိယပိုင်းတွင် မြို့နယ်ဥက္ကဌ ဦးသန်း ညွှန်နေအိမ်၌ စုဝေးကာ ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက် အနစ်နာခံ ဆောင်ရွက် မှုများနှင့်ပတ်သက်၍ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၂ နှစ်မြောက်မွေးနေ့ပွဲအခမ်းအနားများကို ရန်ကုန်၊ မန္တလေးအပြင် မြန်မာပြည် အနှံ့ရှိ အခြားမြို့များတွင် ကျင်းပခဲ့သကဲ့သို့ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နှင့်ထိုင်း စသော နိုင်ငံအသီးသီး တွင်လည်း  မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသူများက ကျင်းပခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည် အား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ခုနှစ်မေလ တွင်ဖြစ်ပွားခဲ့သည့် ဒီပဲယင်းအရေး အခင်း အပြီး၏ မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လွန်ခဲ့သည့်လက နေအိမ်အကျယ်ချုပ် သက်တမ်း နောက်တနှစ် ထပ်မံတိုးမြှင့်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။