အလုပ်သမားများပိုင် ဖုန်းနှင့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းခံရ

ခွန်အောင်မြတ်။
ဇူလိုင်လ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။

အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့များက ရုတ်သိမ်းပေးရန် တောင်းဆိုထားသည့် ရွှေ့ပြောင်းအလုပ်သ မားများနှင့် ပတ်သက်သည့် အရေးပေါ်ဥပဒေကို အသုံးပြု၍ အလုပ်သမားများ ပိုင်ဆိုင်သော မော်တော်ဆိုင် ကယ်များနှင့် လက်ကိုင်ဖုန်းများကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ခရိုင်တွင် အာဏာပိုင်များက သိမ်းဆီးလိုက်သည် ဟု အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့တခုက ပြောသည်။

ယနေ့နံနက်တွင် ရာဘာခြံတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများထံမှ ဆိုင်ကယ် ၆ စီး သိမ်းဆည်းခြင်း ခံခဲ့ ရသည်ဟု မက်ပ်ဖောင်ဒေးရှင်း ဖန်ငခရိုင် တာဝန်ခံ ကိုနိတ်က ပြောသည်။

“အခုက ဆိုင်ကယ်တွေ ဘာတွေ တချို့ ဗမာ ရာဘာခြံမှာရှိတဲ့ တချို့က ဆိုင်ကယ်ရှိတယ်မဟုတ်လား။ အဲဒီလူတွေ ကျတော့ ဆိုင်ကယ်တွေ သိမ်းပစ်လိုက်တယ်လေ။ သိမ်းပစ်လိုက်တယ် တချို့ကလေ။ အ သိမ်းခံရတယ်။ ကျနော်ကြားတာ ဒီမနက်မှာ ခြောက်စီးပေါ့နော်။ ခြောက်စီး။ ရာဘာခြံက ဆိုင်ကယ်ပဲ။ အသိမ်းခံရတာ အခုပဲ ကျနော် ကြားတာ ဒီမနက်ပဲ ကြားတာ။”

ယခုလို သိမ်းဆည်းရာတွင် ရဲများသာမက ရွာခံ အုပ်ချုပ်ရေးအဖွဲ့များလည်း ပါဝင်သည်ဟု ကိုနိတ်က ပြောသည်။

“ဖန်ငက မြို့နယ်မှူး ထုတ်ပြန်ကြေညာချက်အတိုင်းပေါ့နော် သူတို့ ဗမာတွေ ဆိုင်ကယ်မစီးရဘူး၊ ဖုန်းမကိုင်ရဘူး ဆိုပြီးတော့ အဲဒါကို သူတို့က လိုက်လုပ်နေတာ။ ဒါပေမယ့် တခါတလေ လုပ်နေတဲ့ လူကလည်း ရွာသားကြီးတွေပေါ့ နော်၊ လူငယ်တွေပေါ့နော်၊ ပုလိပ်တွေလည်း တချို့လည်း ပါတာပေါ့ လေ။”

ဆိုင်ကယ်ဝယ်ယူရာတွင် အလုပ်ရှင်က နာမည်ခံပေးခဲ့သော်လည်း အသိမ်းခံရသောအခါ အလုပ်ရှင်က လိုက်လံ ရွေးထုတ်ပေးခြင်း မရှိဟု အလုပ်သမားများက ပြောသည်။

ထိုင်းတောင်ပိုင်း ခရိုင်တချို့တွင် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှ စ၍ အလုပ်သမားများ ည ၈ နာရီနောက်ပိုင်း အပြင် မထွက်ရ၊ ခွင့်ပြုချက်မရှိသော လက်ကိုင်ဖုန်းများ အသုံးမပြုရ၊ မော်တော်ဆိုင်ကယ်စီးခြင်းမပြုရ စသည့် အချက် များပါသော အရေးပေါ် ဥပဒေများကို ခရိုင်အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်ခဲ့သည်။

ဖူးကက်၊ ဖန်င၊ ရနောင်းနှင့် ရေးယုံခရိုင်များတွင် ထုတ်ပြန်ထားသည် ရွှေ့ပြောင်းအလုပ်သမား အတွက် အရေး ပေါ် ဥပေဒေများသည့် လူ့အခွင့်အရေးနှင့် မညီသည့်အပြင် ခွဲခြားဆက်ဆံမှု ဖြစ်သည်ဆိုကာ ထိုင်းနိုင်ငံတောင် ပိုင်းရှိ မြန်မာအလုပ်သမားအရေးကို ကူညီပေးနေကြသည့် အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း အဲန်ဂျီအို အဖွဲ့များအပြင် ထိုင်းအလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က တောင်းဆိုထားခဲ့သည်။

အဆိုပါ ဥပဒေပြဌာန်းပြီးနောက် ဖန်ငခရိုင်အတွင်းတွင် အလုပ်သမားများပိုင်ဆိုင်သော လက်ကိုင်ဖုန်းအလုံး ၄၀ ကျော်သိမ်းဆည်းခံရပြီးဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။