မဲဆောက် ဆန်လှူပွဲ မြန်မာနိုင်ငံသား သောင်းချီလာရောက် အလှူခံ

ခွန်အောင်မြတ်။
သြဂုတ်လ ၂၁ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မုနိတိ တရုတ်ဘုံကျောင်းတွင် နှစ်စဉ် ဆန်လှူဒါန်းပွဲ ကျင်းပရာ ယခုနှစ်တွင် ဆန်ဈေးနှုန်းမြှင့်တက်မှုကြောင့် ဆန်အိတ်ရေ လျော့၍ ပေးဝေရ သည်ဟု ဂေါပက အဖွဲ့က ပြောသည်။

ဆန်နှင့် အခြား ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့် ယခုနှစ်တွင် ဆန်အထုတ်လျော့၍ လှူဒါန်းရခြင်းဖြစ်သည်ဟု တရုတ်ဘုံကျောင်း ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တဦးက ယခုလို ပြောသည်။

“အဓိကက ကုန်ဈေးနှုန်းကြီးတာပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေက တအားကြီးတဲအခါကျတော့ အခု ဆန် ကလည်း ဗမာဆန်ပါပဲ။ အဲဒီ ဗမာဆန် ငါးကီလို၊ မာမားခေါက်ဆွဲခြောက် နှစ်ထုတ်၊ ငါးပိတထုတ်နဲ့ ဆားတထုတ်တောင်မှ တန်ဖိုးက ဘတ် ၁၂၀၊ ၁၃၀ လောက်ရှိတာကိုး။ ဗမာဆန်က အညံ့စား ငါးရာ ကျော်ကနေပြီးတော့ အကောင်းစား တထောင်ဝန်းကျင် လောက် ရှိတယ်။ အခုလောလောဆယ် ထိုင်း ဘတ်ငွေနဲ့။ အရင်နှစ်တုန်းက အဲလောက် မရှိဘူးလေ။ ဗမာဆန်က အရင်နှစ်တုန်းက အညံ့စား သုံးရာ ငါးဆယ်လောက်နဲ့ နည်းနည်း အကောင်းဆုံး ဆိုတာလောက်မှ ခြောက်ရာလောက်ပဲ ပေးရတယ်။ ဆန်ဈေးက ကွာသွားတယ်လေ။ ဒီနေ့ ဆန်ဈေးက ကြီးတယ်။ ”

ယမန်နှစ်က ဆန်အထုတ်ပေါင်း (၁၃၀၀၀) ကျော် လှူဒါန်းခဲ့ပြီး ယခုနှစ်တွင် အထုတ် ပေါင်း (၁၀၀၀၀) သာ ပေး ဝေနိုင်သည်ဟု ၎င်းကဆက် ပြောသည်။

ယနေ့ ၃၉ ကြိမ်မြောက် ဆန်လှူဒါန်းပွဲကို တရုတ်ကုန်သည်ကြီးများက စုပေါင်း ဆန်နှင့် အခြားအစားအသောက် ပစ္စည်းများ လှူဒါန်းကြရာ ကျင်းပခြင်းဖြစ်ပြီး လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး နှစ်စဉ်လာရောက် အလှူခံ ကြရာတွင် မြန်မာနိုင်ငံသားများ သောင်းချီ လာရောက်ကြသည်။

ယနေ့နံနက် ကိုးနာရီအချိန်တွင် အ၀ါရောင် ကြိုတင်လက်မှတ် အစောင် တစ်သောင်း ထုတ်ဝေပေးပြီး ညနေ ၃ နာရီအချိန်မှစ၍ ပေးဝေလှူဒါန်းမည်ဟု ဆန်ပေးလှူရာတွင်  လာရောက်ကူညီပေးနေသည့် ကိုကျော်ဦးကပြော သည်။

“လှူတဲ့ အလှူရှင်တွေက တရုတ်ဘုံကျောင်းက ဂေါပကအဖွဲ့တွေပေါ့။ အကုန်လုံးစုပေါင်းပြီး တရုတ် တွေရဲ့ သူတို့တွေရဲ့ ရံပုံငွေအသင်းတွေနဲ့ လှူတာပေါ့။ တရုတ်သူဌေးတွေ ဆန် ၇-၈ အိတ် အဲလို လှူ ကြတယ်။ မြ၀တီဘက်ကလည်း မရှိဆင်းရဲသားတွေ အကုန်လုံးလိုလိုပဲ လာကြတယ်။ အဲဒီ နယ်စပ် ဒေသလေးတွေကပေါ့။ ရွှေကုက္ကိုတို့၊ မင်းလက်ပံတို့၊ မယ်တော်သလေးတို့ အဲဒီက လူတွေလည်း လာကြတယ်။”

လူတဦးလျှင် ဆန်က ငါးကီလို၊ မာမား ခေါက်ဆွဲခြောက် နှစ်ထုတ်၊ ဆားတထုတ်နှင့် ငါးပိ နှစ်ဗူး နှုန်းပေးဝေပြီး ဆန်နှင့် တခြားပစ္စည်းများ မရရှိသူများကို ဘတ်ငွေ ၅၀ ပေးဝေသည်ဟု တရုတ်ဘုံကျောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

ယခင်နှစ်များက ကလေး၊ လူကြီးအရွယ်မရွေး လာရောက်ကြသူအားလုံးကို အလှူပစ္စည်းများ ပေးဝေသော် လည်း လူအများတိုးဝှေ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိကြကာ ယခုနှစ်တွင် အသက်ဆယ်နှစ်အထက် ကလေး များသာ ဆန်ပေးဝေသည်ဟု သိရသည်။

မိသားစု စားဝတ်နေရေးအခက်အခဲကြောင့် ဆန်လှူဒါန်းပွဲတွင် လာရောက်ယူရခြင်း ဖြစ်သည်ဟု မယ်ပ ကျေးရွာ တွင် တောင်ယာလုပ်ကိုင်သူ အိမ်ရှင်မတဦးဖြစ်သည့် မညိုက တိုကင်လက်မှတ်ရှိဖို့အတွက် တန်းစီရင်း ယခုလို ပြောသည်။

“ဒီလိုပဲ အခက်အခဲဖြစ်လို့ပေါ့၊ စားဖို့သောက်ဖို့ မပြေလည်လို့ပေါ့။ ကလေးကလည်း မွေးထားတာ အမွှာလေ၊ ကျမကလေးမွေးထားတာ အမွှာ။ ယောက်ျားတယောက်လုပ်စာနဲ့ စားလို့ မလောက်ဘူး လေ။ ကုန်ဈေးနှုန်းတွေက ကြီးတယ်၊ စားလို့ မပြေလည်ဘူးလေ။ လူတွေများ တော့ တိုးနေရတာပဲ ပေါ့၊ ဒီလိုပဲပေါ့ ဒုက္ခခံရတာပေါ့။ စားဖို့ မပြေလည်တော့။”

မြ၀တီမြို့တွင် ဆွမ်းကွမ်းအတွက် အလှူခံရာတွင် မလုံလောက်သဖြင့် ယခု ဆန်လှူပွဲကို လာရောက် အလှူခံရ ခြင်းဖြစ်သည်ဟု မြ၀တီမြို့မှ လာရောက်သည့် ရသေ့တပါးက မိန့်ကြားသည်။

“ဆွမ်းစားရဖို့လေ။ ရသေ့လည်း လာတာပေါ့။ တောထဲမှာဆိုတော့ တရားထိုင်ရတယ်လေ။ တရားထိုင် ရတယ်ဆိုတော့ အလှူခံရတာပေါ့ ဆွမ်းစားဖို့။ အခက်အခဲတွေကတော့ ရှိတာပေါ့။ တောထဲမှာ တရား ထိုင်ရတာဆိုတော့။ ဒီပြင်ရက်တွေက ဆွမ်းခံမကြွဘူးလေ။ ဒီလိုရက်တွေမှ ဆွမ်းခံကြွရတာ။ ဆွမ်းကွမ်း အတွက် အခက်အခဲ ရှိတာပေါ့။”

ယခင်ရက်ပိုင်းက တရားမ၀င်အလုပ်သမားများကို ထိုင်းအာဏာပိုင်က စစ်ဆေးဖမ်းဆီး သော်လည်း ယနေ့တွင် ဖမ်းဆီးစစ်ဆေးခြင်းမရှိဟု သိရသည်။

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့် စားဝတ်နေရေး အကြပ်အတည်းသဖြင့် ဆန်လှူဒါန်း ပွဲများသို့် မြန်မာပြည်သား တနှစ်ထက် တနှစ် ပိုမိုလာရောက် နေသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။